Home » ကျားနီပါတီဥက္ကဌကို SNA ခြိမ်းခြောက်ဟု ရေးသားမှု မှန်ကန်မှုမရှိ

ကျားနီပါတီဥက္ကဌကို SNA ခြိမ်းခြောက်ဟု ရေးသားမှု မှန်ကန်မှုမရှိ

by Homeland Author

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ) ပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ခြိမ်းခြောက်နေတယ်လို့ ပြောဆိုရေးသားမှုတွေဟာ မှန်ကန်မှုမရှိဘူးလို့ စိုင်းဌေးအောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က မေလ ၂၂ ရက်မှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့ဟာ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ (၁၄) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို မိုးညှင်းမြို့ပေါ်မှာ ကျင်းပခဲ့သလို ပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်ဟာလည်း မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားက ဒေသခံရှမ်းလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုကြောင့် မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာမှ SNA တာဝန်ရှိခေါင်းဆောင်တွေဟာ စိုင်းဌေးအောင်ကို ခြိမ်းခြောက်ခဲ့တာလို့ လူမှုကွန်ရက်တွေမှာ ဝါဒဖြန့်ရေးသားခဲ့ကြတာပါ။

စိုင်းဌေးအောင်က “SNA နဲ့ ပတ်သက်လို့ အသက် ၆၀ ကျော်တွေကို ပြန်လွှတ်ဖို့၊ ပြန်မလွှတ်သေးရင်လည်း စစ်သင်တန်းမပေးဖို့၊ သင်တန်းဆင်းပြီးတာနဲ့ ပြန်လွှတ်ပေးဖို့၊ ကျောင်းသားတွေကိုလည်း ကျောင်းတက်ချိန်အမှီ ပြန်လွှတ်ပေးဖို့ပါ။ ကျနော်ပြောတဲ့စကားနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ မခြိမ်းခြောက်ခဲ့ပါဘူး” လို့ ပြောပါတယ်။

မိုးညှင်း၊ မိုးကောင်းဒေသတွေမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အင်အားကြီးထွားလာတာကြောင့် SNA နဲ့ ရှမ်းနီပါတီ သွေးကွဲအောင် ဝါဒဖြန့်ပြီး မဟုတ်မမှန် ရေးသားနေတာဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဒါကြောင့် ရှမ်းနီလူထုအချင်းချင်းကြားထဲမှာ ဖြစ်စေ၊ ရှမ်းနီတပ်ဖွဲ့နဲ့ ရှမ်းနီပါတီအကြားမှာဖြစ်စေ သပ်လျှိုသွေးခွဲမှု အမျိုးမျိုးကို သတိပြုကြဖို့ သူက တိုက်တွန်းထားပါတယ်။

ပြည်သူလူထုရဲ့ ဒုက္ခဟာလည်း မိမိတို့ရဲ့ ဒုက္ခပဲဖြစ်တယ်လို့ စိတ်ရင်းအမှန်နဲ့ ခံစားပြီး ဖြေရှင်းသွားမယ်လို့လည်း စိုင်းဌေးအောင်က ရေးသားထားပါတယ်။

“၂၀၂၁ တုန်းက ငါ့လက်နဲ့ မင်းကိုလာသတ်မယ်လို့ လူကိုယ်တိုင်လာပြောခဲ့တာတောင် ဂရုမစိုက်ခဲ့သေးတာ။ နိုင်ငံရေးသမားဆိုတာ ပြည်သူ့အသံနားထောင်ပြီး ပြောရဲဆိုရဲရှိရပါမယ်။ ပြည်သူ့ဒုက္ခဟာလည်း ငါ့ရဲ့ဒုက္ခပါပဲလို့ စိတ်ရင်းအမှန်နဲ့ ခံစားပြီး ဖြေရှင်းဆောင်ရွက်နိုင်ရပါမယ်” လို့ ပြောပါတယ်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဟာ ၂၀၂၅ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး အနိုင်ရရှိခဲ့တဲ့ ရှမ်းနီကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ လက်အောက်ခံအဖွဲ့တို့အကြား မိုးညှင်း၊ မိုးကောင်းဒေသမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment