Home » ခွင့်လွန်ရဲဘော်တွေ ပြန်မလာပါက ဖမ်းဆီးသွားမယ်လို့ ကောလင်း PDF ပြော

ခွင့်လွန်ရဲဘော်တွေ ပြန်မလာပါက ဖမ်းဆီးသွားမယ်လို့ ကောလင်း PDF ပြော

by Homeland Author

မိမိတို့ တပ်နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေ၊ ခွင့်လွန်ရဲဘော်တွေအားလုံး တပ်ရင်းသို့ ပြန်လည်တာတာဝန်ထမ်းဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကောလင်းခရိုင်၊ အမှတ် (၃) တပ်ရင်းက ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

အမှတ် (၁) စစ်ဒေသရုံး ညွှန်ကြားချက်အရဟုဆိုကာ ကောလင်းခရိုင်၊ အမှတ် (၃) တပ်ရင်းမှ တပ်နဲ့ ကင်းကွာ၊ခွင့်လွန်နေကြတဲ့ ရဲဘော်တွေအားလုံး ဇူလိုင် ၁၃ ရက်နေ့မှစ၍ ဇူလိုင် ၂၀ ရက်နေ့အထိ နောက်ဆုံးထားပြီး မိမိတို့ မိခင်တပ်ရင်ထံ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲဒီညွှန်ကြားချက်အတိုင်း တာဝန်ထမ်းဆောင်ဖို့ အချိန်မီရောက်ရှိလာခြင်း မရှိပါက တွေ့ရှိတဲ့ နေရာမှ ဖမ်းဆီးမှာဖြစ်ပြီး စစ်ဒေသရုံး နဲ့ တပ်ရင်းက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ကသာခရိုင်အမှတ် ၄ တပ်ရင်းမှ တပ်ဖွဲ့အတွင်းမှ ထွက်ပြေးလျက်ရှိနေတဲ့ တပ်ပြေးရဲဘော်တွေအနေဖြင့် ပြန်မလာပါက စစ်စည်းကမ်းအတိုင်း ဖမ်းဆီးအရေးယူသွားမယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ဗန်းမောက်မြို့နယ်အတွင်းရှိ မြို့နယ် နဲ့ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ခွင့်မဲ့၊ ခွင့်လွန်၊ တပ်ပြေးရဲဘော်တွေအနေနဲ့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့ ရက်စွဲနဲ့ ဗန်းမောက် – PDF က ထုတ်ပြန်ခဲ့ပါတယ်။

ကောလင်း၊ ကသာ၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့နယ်တို့မှာရှိတဲ့ NUG လက်အောက်ခံတပ်ဖွဲ့တွေဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ပူးပေါင်းပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

related posts

Leave a Comment