အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ NSPNC နဲ့ SSPP ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြတဲ့ စဝ်နော်လိတ်၊ စဝ်စွမ်မောဝ် နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ စိုင်းဗျူဖ၊ စိုင်းလောင်ခမ်းမိန်းတို့ပါဝင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကြိုတင်ကန့်သတ်ချက်မထားတဲ့ နည်းလမ်းဖြင့် ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ခဲ့ကြောင်း နဲ့ NCA Plus ကဲ့သို့ အကောင်အထည်ဖော်မယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း လျာထားကြောင်း ပြောပါတယ်။
အလားတူ အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆောင်ရွက်မှု မရှိစေရေး ကာကွယ်စောင့်ကြည့်တဲ့ လုပ်ငန်းတွေကို ယန္တရားတည်ဆောက်ပြီး ဆောင်ရွက်ဖို့ လိုအပ်ပြီး ၎င်းတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် စဉ်ဆက်မပြတ်ထိတွေ့လိုကြောင်း နဲ့ SSPP အဖွဲ့ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မယ် လုပ်ငန်းစဉ်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေလိုတယ်လို့ ပြောပါတယ်။
SSPP ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်က ငြိမ်းချမ်းရေးသည် အမှန်တကယ်လိုအပ်ပြီး မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အမြဲတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖြစ်နိုင်တဲ့ကိစ္စတွေကို ဦးစားပေး ဆွေးနွေးသွားမှာဖြစ်ပြီး အတိတ်က သင်ခန်းစာတွေကိုယူကာ ယုံကြည်မှု တည်ဆောက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

SSPP ဖက်က တန်းတူရေးကိုအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းရေး၊ ယုံကြည်မှုထိခိုက်စေတဲ့ ဖြစ်စဉ်တွေအပေါ်သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထားဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
NSPNC နဲ့ SSPP တို့ဟာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေ SSPP နဲ့ အရင် Bilateral တွေ့ဆုံဆွေးနွေးမှုအခြေအနေတွေ မြေပြင်အခြေအနေ နဲ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံရေးပြဿနာကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရေး၊ တန်းတူရေးကိုအခြေခံတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ နှစ်ဖက်တပ်တွေအကြား အငြင်းပွားဖွယ်ရာကိစ္စတွေ ဖြစ်ပွားလာပါကလည်း တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြေလည်အောင်ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ဇွန်လ ၄ ရက်နေ့ကလည်း နေပြည်တော်မှာ NSPNC နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများ တပ်မတော် (SNUC/SNA) တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် ဇွန်လ ၉ ရက်မှာ NSPNC နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ 7 EAO Alliance တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဦးမင်းအောင်လှိုင်က သမ္မတရာထူးကို ရယူပြီးနောက် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေကို မည်သည့်ကန့်သတ်ချက်မှမထားဘဲ ငြိမ်းချမ်း ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။