တော်လှန်ရေးအင်အားစုတွေအကြား မြေပြင်ပွတ်တိုက်မှုတွေကို လက်နက်အင်အားအသုံးမပြုဘဲ ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ညှိနှိုင်းဖြေရှင်းရေးယန္တရားတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တော်လှန်ရေးအဖွဲ့အချင်းချင်းကြား တိုက်ပွဲမဖြစ်ရေးနဲ့ အရပ်သားပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ရည်ရွယ်ပြီး “မြေပြင်ပွတ်တိုက်မှုများ ညှိနှိုင်းဖြေရှင်းရေးယန္တရား” ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်မှာ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
ဒီယန္တရားကို NUG အပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့မှ ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။