အာဏာသိမ်းစစ်တပ်ကိုတော်လှန်ချင်လျှင် စစ်တပ်အကျင့်ဆိုးကို လိုက်မကျင့်ဖို့ လိုအပ်တယ်။ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ချင်လျှင် ကိုယ်တိုင်အာဏာရှင် မဖြစ်အောင် နေဖို့လိုတယ်။ သည်အချက်ဟာ အာဏာရှင်တော်လှန်ရေးမှာ သင်ပေး စရာမလိုအောင် သိမြင်ရမယ့် အခြေခံ နားလည်မှုပါ။ စစ်တပ်အာဏာသိမ်းတာကို ငါတို့ မကြိုက်ပေမယ့် ငါတို့အာဏာရှင်စိတ် ပေါက်လာတာကိုတော့ လူထုကြီးဘက်က ရန်ပုံငွေ ထည့်၊ လူစိုက်ပြီး ထောက်ခံပေးကြပါ ဆိုတာမျိုးကတော့ နောင်လာတဲ့ မောင်ပုလဲ ဒိုင်းဝန် ထက် ကဲပေတော့မပေါ့။
မြင်သာအောင် ပြောပါဦးမယ်။ စစ်အာဏာရှင်တော်လှန်ရေးအတွက် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေ၊ ဘက်တော်သားတွေ အနေနဲ့ စစ်တပ်လက်ထဲကနေ မြို့တွေ၊ ရွာတွေကို သိမ်းပိုက်ရရှိကြလျှင်တော့ ဝမ်းမြောက် ဝမ်းသာနဲ့ အောင်ပွဲခံခဲ့ကြတယ်။
(၁) သည်ဝမ်းသာမှုက လူထုလွတ်မြောက်ရေးကို အရယူပေးနိုင်လို့ ဝမ်းသာတာလား?
(၂) ဒါမှမဟုတ် ငါတို့စွမ်းလို့ မြို့သိမ်းနိုင်တယ်ဆိုတဲ့အမြင်နဲ့ ဝမ်းသာတာလား?
ဆိုတဲ့ မေးခွန်း(၂)ခု ရှိပါတယ်။ သည်မေးခွန်းရဲ့ အဖြေကိုတော့ မြို့သိမ်းအပြီးမှာ လူထု အတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ရရှိမှာ ဖြစ်ပါတယ်။ လူထုအတွက် ရေ၊ မီး ဝန်ဆောင်မှု မပေးနိုင်ဘူး။ ဒါမျိုးကတော့ ကိစ္စမရှိဘူး။ တော်လှန် ရေးကာလမို့ ဒါမျိုးက ရနိုင်ဖို့ မလွယ်ဘူး ဆိုတာကို လူထုဘက်က နားလည်ကြပါတယ်။
သို့သော် မြို့သိမ်းအပြီးမှာ ပျက်စီးနေတဲ့ လမ်း၊ တံတား၊ အိမ်၊ ကျောင်း၊ ဆေးရုံ၊ သာသနိကအဆောက်အဦ စတာတွေနဲ့ ပတ်သက်တဲ့ သန့်ရှင်းရေးမျိုးကို လုပ်ကြသလား ဆိုတော့ မလုပ်ပြန်ဘူး။ လူထုအတွက် အခြေခံကျန်းမာရေးကိစ္စ၊ အခြေခံပညာရေးကိစ္စ၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ပညာပေးမှုကိစ္စ၊ မြေမြှုပ်မိုင်းအန္တရာယ် ပညာပေးမှု ကိစ္စစတဲ့ လုပ်နိုင်သမျှသော ဘယ်ကိစ္စမျိုးကိုမဆို မလုပ်ကြဘူး။
ဘာလုပ်ကြသလဲဆိုတော့ သည်ဘက်မြို့ကနေ သိမ်းယူရရှိထားတဲ့ လူထုဝန်ဆောင် မှုဆိုင်ရာ ကျန်းမာရေး၊ ပညာရေးနဲ့ ဆက်စပ်တဲ့ အဖိုးတန်ပစ္စည်းတွေကိုတော့ သူတို့ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေဆီပို့လိုက်ကြတယ်။ အမှန်တကယ် သိမ်းယူ ပြီးနောက် ထိန်းချုပ်နိုင်ရိုးမှန်လျှင် သည်ပစ္စည်းတွေကို အခြေပြုပြီး လူထုဝန်ဆောင်မှုကို ဆက်လုပ်နိုင်ကြရမယ် မဟုတ်လား။ အခုတော့ လူထုဝန်ဆောင်မှုဆိုင်ရာ ပစ္စည်းတွေကို သိမ်းယူပြီး လွတ်မြောက်နယ်မြေတွေဆီပို့လိုက်တယ်ဆိုတာဟာ သည်နယ်မြေမှာ နေထိုင် ကြတဲ့ လူထုအပေါ် ဘာဝန်ဆောင်မှုမှ ဆက်ပေးစရာမလိုဘူးဆိုတဲ့ အချိုးမျိုးကို ဖော်ပြတာ ဖြစ်ပါတယ်။

စစ်ပွဲကြောင့် ပြည်သူတို့ရဲ့ နေအိမ်ပျက်စီးမှုများ
ဒါ့အပြင် စစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ လူထုအပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီမပေးနိုင်ဘဲ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေထဲ ပြန်မလာ လို့ဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်တယ်။ စစ်ပွဲကြားမှာ ထိခိုက်ဖျားနာကြရှာတဲ့ လူထုခမျာ နီးရာဓားကို ကြောက်ကြရသလို တစ်ဘက်ဘက်က အနည်းငယ်သော ဂရုစိုက်ပေးမှုကို ရရှိ တဲ့အခါ တစ်ဓင်္ဂစိတ်အေးကြရတယ်ဆိုတာကိုလည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က စာနာနားလည်မှု မရှိကြတာကို တွေ့လာရပါတယ်။ ဒါကြောင့်မို့ဘဲ တစ်ဘက်အဖွဲ့အစည်း ဘက်က လူထုဝန်ဆောင်မှုပေးတာမျိုးကို ဆိုရှယ်မီဒီယာတွေပေါ်ကနေ ရိုင်းစိုင်းစွာ သရော်ခြင်း၊ သတင်းမှားတွေ လွှင့်ခြင်း၊ တစ်ဘက်မှာ ခိုလှုံနေကြရတဲ့ လူထုအပေါ် စိတ်မလုံခြုံအောင် ခြိမ်းခြောက်ခြင်းတို့ကို လုပ်နေကြတာပါ။
လူထုပိုင် အဆောက်အအဦတွေ၊ စစ်ရေးပစ်မှတ် မဖြစ်ရတဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိက အဆောက်အဦးတွေမှာ အာဏာသိမ်း စစ်တပ်နည်းတူ နေရာယူ ခံစစ်ပြင်တယ်။ စစ်တပ်ကလည်း သူ့သောက်ကျင့်အတိုင်းပဲ ပစ်ကွင်းထင်တဲ့နေရာမှန်သမျှ ဖြူသော မည်းသော မရွေးဘဲ အကုန်ဗုံးကြဲတဲ့အခါမယ် လူထုပိုင် အဆောက်အအဦတွေ၊ စစ်ရေး ပစ်မှတ် မဖြစ်ရတဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိက အဆောက်အဦးတွေကို ဗုံးကြဲပါ တယ်ဆိုပြီး ဦးအောင်အော်ပြ၊ အလှူငွေကောက်ကြပြန်ပါရော။
သို့သော် လက်တွေ့ခံစားရတဲ့ လူထုဆီတော့ ဘယ်လိုဝန်ဆောင်မှုမှ ရောက်မလာဘူး။ ဘာတာဝန်ယူမှု တာဝန်ခံမှုမှလည်း မရှိဘူး။ တာဝန်ယူပေးဖို့ ပြောတဲ့သူတွေအပေါ် လည်း ရန်သူသဖွယ် ပြောဆိုဆက်ဆံကြတယ်။ သည်လိုနဲ့ တော်လှန်ရေး အစပိုင်းက ငွေဆိုငွေ၊ ဆန်ဆိုဆန်၊ လူဆိုလူ ထောက်ပံ့ပေးခဲ့ကြတဲ့ လူထုခမျာ ၂၀၂၅ခုနှစ်ထဲလည်း ရောက်လာရော မင်းတို့နဲ့ စစ်တပ်ဆိုတာ မကွာလှပါဘူးကွာ၊ ဗုံးကြဲခံရတာမှ သက်သာ သက်သာ စစ်တပ်အောက်ပြန်နေတာမှ တော်ပါသေးရဲ့ဆိုတဲ့ အမြင်တွေ ပြန်ပေါ်လာကုန် တော့တာပါပဲခင်ဗျာ။
လူထုဘက်က တော်လှန်ရေးအပေါ် ဘယ်လို အတွေးအမြင်တွေ ရှိလာနေတယ်ဆို တာကို ကျေးဇူးတော်ရှင် တော်လှန်ရေးတပ်ဖွဲ့များဘက်က အခုထိ နားမလည်ကြပါဘူး။ လူထုဘက်က စိတ်ကုန်လုလုဖြစ်လာနေတာကို ငါတို့ကိုမထောက်ခံလျှင် ဒလံဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အနိုင်ကျင့်ချင်သလို ကျင့်တာပဲ။ ပိုဆိုးတာက လူထုနဲ့ပတ်သက်လျှင် နားလည်မှုကို မပေးချင်ကြတာပါ။ ငါတို့က စစ်တပ်ကို အသက်ပေးပြီး တော်လှန်နေတာမို့ လူထုဟာ ငါတို့လိုသမျှ ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ အခွင့်ထူးခံချင်စိတ်တွေ ပေါ်လာတာဟာ အဲသည်နားလည်မှု မပေးချင်ကြရာက စလာတာဖြစ်ပါတယ်။
အဲသည်မှာတင် ကျော်မကောင်း ကြားမကောင်းတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အသက်မပြည့်သေးတဲ့ အမျိုးသမီးလေးတွေကအစ မုဒိန်းမှု ကျူးလွန်ခံကြရတာတွေ၊ မယုံသင်္ကာဖြစ်လျှင် အချင်းချင်းလည်း ဖြုတ်ထုတ်သတ် လုပ်ကြတာတွေ ဆက်ဖြစ် လာနေပါတော့တယ်။ ဆိုတော့ အပေါ်က မေးခွန်း(၂)ခုနဲ့ ပြန်ဆက်ရလျှင် တော်လှန်ရေး လုပ်ပြီး မြို့၊ ရွာသိမ်းတဲ့ကိစ္စမှာ လူထုကို လွတ်မြောက်စေချင်တဲ့ စိတ်ရင်းစေတနာ မဟုတ်တော့ဘဲ ငါတို့စွမ်းလို့သာ သိမ်းနိုင်တယ်ဆိုတဲ့ ခံယူချက်တွေပဲ ဖြစ်နေတယ်ဆိုတာက ပေါ်လွင်လာပါတယ်။
ငါတို့စွမ်းလို့ သိမ်းနိုင်တဲ့အတွက် သိမ်းလို့ရသမျှ ငါတို့နဲ့ပဲ ဆိုင်တယ်၊ ငါတို့ပဲ ပိုင်တယ်၊ ငါတို့ လုပ်ချင်သလို လုပ်မယ်၊ ငါတို့လိုအပ်လျှင်သာ လူထုဘက်က ပေးနိုင်အောင် ပြင်ထားကြဆိုတဲ့ တော်လှန်ရေးဓားပြစိတ်ပေါက်လာကြတယ်လို့ပြောလျှင် မလွန်ပါဘူး။ အဲသည်မှာတင် မြို့၊ ရွာ သိမ်းလို့ရချိန်မှာ မြူးပျော်ကြသလောက် ပြန်ဆုတ်ပေးရချိန်မှာ တော့ ကျန်ရစ်ခဲ့ကြမယ့် လူထုအပေါ် ဘာငဲ့ညှာမှုမှု မရှိတော့ဘဲ ရသမျှသိမ်းပြီး ပြန်မယ်၊ ကျန်သမျှ မြေလှန်ပြီး မီးရှို့ထားခဲ့မယ်ဆိုတဲ့ ပုံစံတွေပဲ တွေ့လာရပါတော့တယ်။
ဒါမျိုးတွေ ဖြစ်နေတာကို ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ မြင်နိုင်သလို KIAနဲ့ လက်အောက်ခံ PDF တပ်ဖွဲ့တို့ တွဲဖက်တာဝန် ယူထားတဲ့ အမှတ်(၁)စစ်ဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လက်တွေ့ မြင်နိုင်ပါ တယ်။

အခုဆိုလျှင် ဗန်းမောက်မြို့ထဲမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနေပါတယ်။ ဆုတ်ခွာပေးခဲ့တဲ့ တပ်ဖွဲ့တွေဘက်က ထိုးစစ်ပြန်ဖွင့်လာတဲ့အခါ မြို့သိမ်းထားတဲ့ KIAနဲ့ လက်အောက်ခံ PDFတပ်ဖွဲ့တွေက ခံစစ်နဲ့ ပြန်တိုက်နေတာပါ။ နှစ်ဘက်ပစ်ခတ်ကြတာက တော့ စစ်ပွဲရဲ့သဘာဝမို့ အထူးပြောစရာ မရှိပါဘူး။ သို့သော် စစ်ပွဲဖော်ဆောင်တဲ့အခါ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဖော်ဆောင်ဖို့ ဂျနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းတွေ ကိုတော့ လိုက်နာကြဖို့ လိုပါတယ်။ အထူးသတိပြုစေလိုတာကတော့ စစ်ရေးဖိအားကြောင့် တစ်ဘက်ဘက်က ပြန်ဆုတ်ခွာရလျှင် မြို့ကို မြေလှန်၊ မီးရှို့တာမျိုးတွေ မလုပ် ကြဖို့ပါပဲ။
ဒါပေမယ့် စစ်ရေးသတင်းရင်းမြစ်တွေအရဆိုလျှင် KIAနဲ့ လက်အောက်ခံ PDFတပ်ဖွဲ့ ဟာ ဗန်းမောက်မြို့မှာရှိတဲ့ ရဲစခန်း၊ တရားရုံးနဲ့ သစ်တောရုံး စတဲ့ဌာနဆိုင်ရာ ရုံးတွေကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရပါတယ်။ သည်မီးရှို့မှုကြောင့် ရုံးတွေနဲ့နီးတဲ့ မြို့ပေါ်က ရပ်ကွက်တွေထဲကိုပါ မီးကူးလောင်ကျွမ်းမှုတွေလည်း ရှိနေပါတယ်လို့ သိရှိရပါတယ်။ KIAနဲ့ လက်အောက်ခံ PDFတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုဟာ မြို့ထဲပြန်ဝင်လာမယ့် စစ်တပ်ကို ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်မရအောင် အခြေခံအဆောက်အဦတွေကို ဖျက်ဆီးခဲ့ချင်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ အခုလိုလုပ်တယ်လို့ နားလည်ပါတယ်။ သို့သော် ဌာနဆိုင်ရာ ရုံးတွေဆိုတာ ကွင်းခေါင်ခေါင်မှာ သီးခြား ရှိမနေကြတာကို သတိမူကြစေ လိုပါတယ်။
ကိုယ်လုပ်ချင်တဲ့ စစ်ရေးရည်ရွယ်ချက်က ကျန်ခဲ့မယ့် လူထုအတွက်ပါ ထိခိုက်နစ် နာမှုများစွာ ဖြစ်စေလျှင် သည်ရည်ရွယ်ချက်ကို လက်တွေ့မဖော်ဆောင်ဖို့ လိုပါလိမ့်မယ်။ ရုံးတွေကို မီးရှို့ရာက လူထုနေထိုင်ရာ နေအိမ်တွေကိုပါ မီးကူးလို့ တစ်မြို့လုံး လောင်ကျွမ်း ရလျှင် ဒုတိယဗန်းမော်မြို့လို ဖြစ်သွားရုံကလွဲလို့ တော်လှန်ရေးအတွက် ဘာအကျိုးမှ မရှိပါဘူး။ အဲသည်အတွက် လူထုရဲ့ ကျိန်ဆိုမှုတွေကိုသာ KIAနဲ့ လက်အောက်ခံ PDFတပ်ဖွဲ့ များဘက်က ရရှိမှာဖြစ်သလို အခြေခံနေထိုင်မှုကအစ ပျက်စီးရတဲ့ လူထုဆီက ဘယ်လို အထောက်အပံ့ ကိုမှ ဆက်ရဖို့မလွယ်ဘူးဆိုတာကိုတော့ နားလည်ကြဖို့ သင့်ပါပြီ။ စစ်တပ် လို မတရားသိမ်းယူနေကြလျှင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။
ဒါ့အပြင် ကိုယ်လုပ်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုနဲ့ ပတ်သက်တဲ့ အကောင်းအဆိုးကိုပါ KIAနဲ့ လက်အောက်ခံ PDF တပ်ဖွဲ့များဘက်က တာဝန်ယူဖို့ လိုပါလိမ့်မယ်။ ကိုယ်တိုင်မီးရှို့ ဖျက်ဆီးတဲ့အမှုကို တစ်ဘက်အဖွဲ့အစည်းတွေက လုပ်သယောင် လွှဲချတာမျိုးက တော်လှန်ရေးကျင့်ဝတ် ချိုးဖောက်နည်းတစ်မျိုးပါပဲ။ ကမ္ဘာပေါ်မှာ အကြမ်းဖက် ဖောက်ခွဲမှုတွေ လုပ်တဲ့ ISISအဖွဲ့တောင် သူတို့လုပ်တဲ့အမှုကို သူတို့ဝန်ခံကြပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် စစ်အာဏာရှင်ကို တော်လှန်နေရပါတယ်ဆိုတဲ့ KIAနဲ့ လက် အောက်ခံ PDF တပ်ဖွဲ့များကတော့ ကိုယ်ဖော်ဆောင်တဲ့ စစ်ရေးရဲ့ အကောင်းအဆိုးကို တောင် ဝန်မခံဝံ့လျှင် ISIS ထက် ကျင့်ဝတ်သိက္ခာမဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းပဲ ဖြစ်လာပါလိမ့်မယ်။ ဖက်ဆစ်စိတ်ဓာတ် အခြေခံ၊ စစ်ရာဇဝတ်မှုတွေကို စစ်တပ်နဲ့ အပြိုင်ကျူးလွန် ကြပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ အမည်ခံတာလောက် ရှက်စရာကောင်းတာ မရှိတော့ပါ ဘူး။

KIA လက်အောက်ခံ PDF များ
ဒါမျိုးနဲ့ ဒေသခံလူထုအပေါ် လိမ်လည်လှည့်ဖျားလို့ရလည်း ခဏပါပဲ။ အလိမ်တွေ ပေါ်တဲ့တစ်နေ့မှာ တော်လှန်ရေးအမည်ခံထားတဲ့ အဖွဲ့အစည်းတွေဟာ လူထုရွံရှာစက်ဆုပ်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြပါလားဆိုတာကို သိမြင်ကြရတဲ့အခါ စစ်အာဏာရှင် တော်လှန်ရေးဆိုတဲ့ သိက္ခာပါ ကျဆင်းလာမှာ ဖြစ်ပါတယ်။
နိုင်ငံတကာကလည်း စစ်အာဏာရှင် တော်လှန်ရေးခေါင်းစဉ်တပ်ပြီး နောက်ကွယ် မှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို သိမြင်ရတဲ့ တစ်နေ့မှာ အားပေးထောက်ခံသမျှ ပြန်ရုပ်သိမ်းပါလိမ့်မယ်။ ဆိုးသွမ်းမှု အပြိုင်လုပ်နေတဲ့ နှစ်ဘက်အင်အားစုကိုကြည့်ပြီးလျှင် အာဏာလက်ရှိ ရထားတဲ့အဖွဲ့အစည်းဘက်ကို ပြန်အားပေးခြင်းကသာလျှင် ရေရှည်ပြုပြင် ပြောင်းလဲရေးအတွက် အဖြေဖြစ်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးသာ နိုင်ငံတကာက လက်ခံခဲ့ကြလျှင် စစ်အာဏာရှင်တော်လှန်ရေးဆိုတာ ဆိုးယုတ်မှုများစွာနဲ့ နိဂုံးချုပ်ပါပြီ။
ခြုံငုံပြောရလျှင်တော့ တော်လှန်ရေးလုပ်တယ်ဆိုတာ လက်နက်ကိုင်ပြီးတော့ နိုင်ငံ ရေးအဖြေရှာတာမျိုး ဖြစ်ပါတယ်။ နိုင်ငံရေးအဖြေရှာတဲ့ နေရာမှာ အဓိကကျတာက လူထု ကို ကိုယ့်ဘက် ပါလာအောင် စည်းရုံးမှုကလည်း အရေးကြီးပါတယ်။ စစ်ပွဲတစ်ပွဲမှာ လူထု တွေရဲ့ တိမ်းရှောင်မှုဟာ ကိုယ့်ဘက်မဟုတ်ဘူးဆိုလျှင်တော့ တော်လှန်ရေးကဏ္ဍမှာ လူထုစည်းရုံးရေးနဲ့ လူထုဝန်ဆောင်မှု ညံ့ဖျင်းနေတယ်ဆိုတဲ့အချက်ကို သိမြင်ဖို့ လိုအပ်ပါ တယ်။
အထူးသဖြင့် KIAနဲ့ လက်အောက်ခံ PDF တပ်ဖွဲ့များအနေနဲ့ မြို့၊ ရွာတွေကို သိမ်းယူတုန်းက အောင်စည်တီးပြီး ပျော်တတ်ကြလျှင် ပြန်ဆုတ်ရတဲ့အခါမှာလည်း မြို့၊ ရွာ အထိ အခိုက်နည်းနိုင်သမျှနည်းအောင် ဆုတ်ခွာပေးကြဖို့ လိုပါလိမ့်မယ်။ ကိုယ့်မိဘ၊ ကိုယ့်လူမျိုး တွေရဲ့ အိုးအိမ်တွေ မရှိတိုင်း မြို့၊ ရွာတွေ ကို မီးရှို့၊ မြေလှန်ပြီးမှ ခွာစစ်ဆင်တာမျိုးဟာ အင်မတန်ဆိုးယုတ်တဲ့ ဖက်ဆစ်အကျင့်မျိုး၊ တော်လှန်ရေးဓားပြအကျင့်မျိုးပဲ ဖြစ်တယ် ဆိုတာကို သဘောပေါက်ကြဖို့ လိုနေပြီဆိုတဲ့ အကြောင်းနဲ့ ကိုယ်ကျူးလွန်ခဲ့ကြတဲ့ အမှုကိစ္စ တွေကို တော်လှန်ရေးသိက္ခာထောက်ပြီး ဝန်ခံဖို့ လိုအပ်ပါကြောင်း အသိပေးလိုက်ပါရစေ။
ထွန်းအောင်ကျော်(ဇေယျာမြေ)