Home » တပ်ပြေးရဲဘော်တွေ ပြန်မလာပါက ဖမ်းဆီးအရေးယူမယ်လို့ KPDF ပြော

တပ်ပြေးရဲဘော်တွေ ပြန်မလာပါက ဖမ်းဆီးအရေးယူမယ်လို့ KPDF ပြော

by Homeland Author

တပ်ပြေးရဲဘော်တွေအနေနဲ့ တပ်ရင်းကို ပြန်မလာပါက ဖမ်းဆီးအရေးယူသွားမယ်လို့ KPDF မိုးညှင်းခရိုင်တပ်ရင်းက မနေ့က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

KPDF မိုးညှင်းခရိုင်တပ်ရင်းက ခွင့်လွန်၊ ခွင့်မဲ့နဲ့ တပ်ပြေးရဲဘော်တွေအားလုံးအနေနဲ့ အခုထုတ်ပြန်ချက် ထုတ်ပြန်တဲ့အချိန်ကစပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း တပ်ရင်းကို လူကိုယ်တိုင်လာရောက် သတင်းပို့ပြီး တာဝန်ပြန်လည်ထမ်းဆောင်ဖို့ အကြောင်းကြားထားပါတယ်။

သတ်မှတ်ရက်အတွင်း ပြန်လည်ရောက်ရှိလာတဲ့ ရဲဘော်တွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးသွားမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း ပြန်မလာဘဲ နောက်ပိုင်းမှာ ဖမ်းဆီးရမိပါက အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ KIA ရဲ့ လက်အောက်ခံအဖွဲ့ဖြစ်တဲ့ KPDF မိုးညှင်းခရိုင်တပ်ရင်းဟာ KIA နဲ့ ပူးပေါင်းပြီး မိုးညှင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အခုနှစ်အစောပိုင်းမှာလည်း မိုးညှင်းမြို့နယ်အတွင်းက အင်းတော်ကြီး PDF တပ်ဖွဲ့ဝင်တွေကို ဗန်းမော်ရှေ့တန်းကို KIA က ပို့ဆောင်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ပွဲကာလ ကြာရှည်လာတာနဲ့အမျှ တပ်သားအင်အား လျော့နည်းလာတာနဲ့ တပ်ပြေးရဲဘော်တွေ များပြားလာတာကြောင့် အခုလို ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

တစ်ဖက်မှာလည်း KIA နဲ့ ၎င်းရဲ့လက်အောက်ခံ KPDF၊ SSIA အဖွဲ့တွေဟာ မိုးညှင်းနဲ့ အင်းတော်ကြီးဒေသတွေမှာ ဒေသခံပြည်သူတွေဆီက ဆက်ကြေးကောက်ခံမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေသလို တပ်သားသစ်စုဆောင်းမှုတွေကိုလည်း အဓမ္မလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

related posts

Leave a Comment