Home » ဟုမ္မလင်း တီလောင်ရွာ မြစ်ရေတိုက်စားမှုကြောင့် နေအိမ်များ ရွှေ့ပြောင်း၊ SNA သွားရောက်ကူညီ

ဟုမ္မလင်း တီလောင်ရွာ မြစ်ရေတိုက်စားမှုကြောင့် နေအိမ်များ ရွှေ့ပြောင်း၊ SNA သွားရောက်ကူညီ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တီလောင်ကျေးရွာမှာ ချင်းတွင်းမြစ်ရေ တိုက်စားတာကြောင့် မြစ်ကမ်းပါးတွေ ဆက်လက်ပြိုကျနေပြီး ကမ်းနီးနေအိမ်တွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း မြစ်ကမ်းပါးပြိုကျမှု ရပ်တန့်ခြင်းမရှိသေးဘဲ ဆက်လက်ပြိုကျနေတာကြောင့် ကမ်းပါးအနီးရှိ ပြိုကျမှုအန္တရာယ် ဖြစ်ပေါ်နိုင်တဲ့ နေအိမ်တွေကို ဖြုတ်သိမ်းပြီး အခြားနေရာတွေကို ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ တပ်ဖွဲ့ဝင်တွေဟာလည်း ဒေသခံပြည်သူတွေနဲ့အတူ တီလောင်ကျေးရွာရှိ မြစ်ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်နေတဲ့ ဒေသခံတွေအတွက် လိုအပ်တာတွေကို ဝိုင်းဝန်းကူညီပေးနေပြီး နေအိမ်တွေ ဖြုတ်သိမ်းရွှေ့ပြောင်းရာမှာလည်း ကူညီဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ နောက်ဆုံးပတ်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်အချို့ ရွှေ့ပြောင်းရာမှာ အိမ်ဆောက်ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ လူအင်အား၊ ယာဉ်တွေနဲ့ အခြားအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အလားတူ နေအိမ်တွေ ဖျက်သိမ်းရွှေ့ပြောင်းပြီးနောက် ယာယီနေထိုင်ဖို့ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အခြားအခြေခံလိုအပ်ချက်တွေလည်း လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း မြစ်ရေတိုက်စားမှု ဆက်လက်ဖြစ်ပေါ်နေကာ နေအိမ်တွေနဲ့ မြေယာတွေ ထပ်မံဆုံးရှုံးနိုင်တဲ့ အခြေအနေရှိနေပြီး ကျန်ရှိနေသေးတဲ့ နေအိမ်တွေကို အချိန်မီ ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ဖို့အတွက် အကူအညီတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment