Home » နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေခြင်းမှ ထွက်ခွာစေရမယ်လို့ GSCN နဲ့ SYCB ပြော

နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေခြင်းမှ ထွက်ခွာစေရမယ်လို့ GSCN နဲ့ SYCB ပြော

by Homeland Author

မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေခြင်းမှ လုံးဝထွက်ခွာစေရမယ်လို့ လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN) နဲ့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB) တို့က ပြောပါတယ်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပူးတွဲတိုက်တွန်းနှိုးဆော်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုနဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဝန်ချတောင်းပန်စေခြင်းနဲ့ နိုင်ငံရေးတွင် ပါဝင်နေမှုမှ လုံးဝထွက်ခွာစေရမယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအရ အရေးယူမှုနဲ့ တာဝန်ခံမှု သေချာစေရေး ကြိုးပမ်းကြဖို့လည်း GSCN နဲ့ SYCB က တိုက်တွန်းထားပါတယ်။

မြန်မာစစ်အစိုးရမှ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ပြည်ထောင်စုမှာ အမှန်တကယ် ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ရည်ရွယ်ခြင်းမဟုတ်ဘဲ ၎င်းတို့ရဲ့ နိုင်ငံရေးတရားဝင်မှုအတွက်သာ ရည်ရွယ်တဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်သာဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်

ဒီငြိမ်းချမ်းရေးဟာ လူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံးမှ လိုလားတောင့်တတဲ့ ငြိမ်းချမ်းရေးကို အခြေခံခြင်းမရှိဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဟန်ပြလုပ်ဆောင်တဲ့ အသုံးချခံ ငြိမ်းချမ်းရေးသာ ဖြစ်တယ်လို့ GSCN နဲ့ SYCB က ဆိုပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EROs) နဲ့ တော်လှန်ရေးအင်အားစုတွေအနေဖြင့် အဆိုပါ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ လုံးဝပါဝင်ဆွေးနွေးခြင်း မပြုကြဖို့ တိုက်တွန်းကြောင်း၊ အဲဒီလို ပါဝင်ခြင်းဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးကိုသာ အားပေးရာရောက်မယ့်အပြင် တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား သွေးစည်းညီညွတ်မှုနဲ့ အပြန်အလှန်ယုံကြည်မှုကို ထိခိုက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

EROs တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရတဲ့ အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများစွာကို သမိုင်းသင်ခန်းစာယူကာ လက်ရှိငြိမ်းချမ်းရေးကို ခိုင်မာပြတ်သားစွာ ဆန့်ကျင်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သွေးစည်းညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာစစ်အစိုးရရဲ့ ငြိမ်းချမ်းရေးကို အသိအမှတ်ပြုထောက်ခံခြင်းမပြုဘဲ လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ အမှန်တကယ် လိုလားချက်၊ တောင်းဆိုချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ပံ့ပိုးကူညီပေးဖို့ မိမိတို့ GSCN နဲ့ SYCB က တိုက်တွန်းတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment