Home » ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားတဲ့ ဗီယက်နမ်အစိုးရကို JFM ရှုတ်ချ

ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားတဲ့ ဗီယက်နမ်အစိုးရကို JFM ရှုတ်ချ

by Homeland Author

ဦးမင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ်တစ်ရပ် ဖိတ်ကြားခဲ့တဲ့ ဗီယက်နမ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က စက်တင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့အထိ သွားရောက်နေတဲ့ အဆိုပါခရီးစဉ်ဟာ ဆက်သွယ်ရေးလုပ်ငန်း၊ လေယာဉ်ဆီ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထောက်ပံ့တာနဲ့ စစ်ရေးလေ့ကျင့်မှုတွေအပါအဝင် ဗီယက်နမ်နဲ့ မြန်မာစစ်တပ်တို့အကြား ကာလရှည်ကြာ တည်ရှိလာတဲ့ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတွေကို ဆက်လက်ခိုင်မာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်ဟာ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စီစဉ်ထားပြီး၊ အဲဒီဖိုရမ်ဟာ ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေကို မြန်မာစစ်တပ်နဲ့ ကြံရာပါ ပတ်သက်စေမှုကို ပိုမိုနက်ရှိုင်းစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင်စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ စီးပွားရေးပတ်သက်မှုတွေကတဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်နက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဗီယက်နမ်ရဲ့ အကြီးဆုံး နိုင်ငံအဆင့် ရင်းနှီးမြှုပ်နှံမှုမှာ ဆက်သွယ်ရေးလုပ်ငန်း Mytel ဖြစ်ပြီး ဒါဟာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment၊ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာခရိုနီတွေအကြား ဖက်စပ်စီမံကိန်းတစ်ရပ် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Mytel လုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်တဲ့ Telecom International Myanmar Company Limited ရဲ့ အမြတ်အစွန်း ခန့်မှန်းတွက်ချက်မှု လျှို့ဝှက်စာရွက်စာတမ်းတွေအပေါ် Justice For Myanmar က ယခင်လေ့လာဆန်းစစ်မှုတွေအရ မြန်မာစစ်တပ်ဟာ ဒီလုပ်ငန်းမှာ ၎င်းတို့ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေအတွက် ဆယ်နှစ်အတွင်း အမြတ်ဝေစု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း ဆိုပါတယ်။

Mytel ဟာ မြန်မာစစ်တပ်အတွက် ငွေကြေးထောက်ပံ့မှုအပြင် မဟာဗျူဟာမြောက် စစ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေး ရည်ရွယ်ချက်တွေအတွက်ပါ အထောက်အကူပြုလျက်ရှိတယ်လို့ Justice For Myanmar က ပြောပါတယ်။

Justice For Myanmar က ၂၀၂၀ ခုနှစ်မှာ ဖော်ထုတ်ခဲ့တဲ့အတိုင်း Viettel ရဲ့ လက်အောက်ခံကုမ္ပဏီ Viettel Construction ဟာ မြန်မာစစ်တပ် အခြေစိုက်စခန်းတွေမှာ Mytel တာဝါတိုင် အနည်းဆုံး ၃၈ ခုကို ဦးဆောင်တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တာဝါတိုင်အများစုဟာ တိုင်းရင်းသားလူမျိုးစု ဒေသတွေမှာ တည်ရှိပြီး၊ ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုက်ရိုက်ကျူးလွန် နေတဲ့ စစ်တပ် တပ်ရင်းတပ်ဖွဲ့တွေ အခြေစိုက်ရာနေရာတွေမှာ တည်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗီယက်နမ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာလည်း ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လေယာဉ်ဆီကဏ္ဍအပြင် မြန်မာနိုင်ငံကို စစ်ဘက်သုံးဆက်သွယ်ရေးပစ္စည်းတွေ လွှဲပြောင်းပို့ဆောင်ရာမှာလည်း ဗီယက်နမ်ဟာ အဓိကအခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့တယ်လို့ Justice For Myanmar က ပြောပါတယ်။

related posts

Leave a Comment