Home » စစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်၊ စစ်ရေယာဉ် ၇ စီး ဗန်းမော်ရောက်

စစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်၊ စစ်ရေယာဉ် ၇ စီး ဗန်းမော်ရောက်

by Homeland Author

ဗန်းမော်မြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းမဟာမိတ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့နယ်အတွင်းက စင်းခန်းနဲ့ ဇင်းဘုံတို့မှာ တိုက်ပွဲပြင်းထန်နေကြောင်း၊ အဆိုပါ နေရာတွေမှာ ဆက်လက်ပြီး တိုက်ပွဲပြင်းထန်နိုင်ကြောင်း စစ်ဘက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“အခု ဗန်းမော်တပ်နယ်ထဲကို ဝင်သွားတာ အင်အား ၆၀၀ လောက်ရှိတယ်လို့ ကျနော်တို့ ထောက်လှမ်းသိရှိရပါတယ်။ အခုလက်ရှိ ဗန်းမော် စင်းခန်းနဲ့ ဇင်းဘုံမှာ ဆက်ပြီးတော့ တိုက်ပွဲပြင်းနေတယ်။ စစ်တပ်ရဲ့ ရည်ရွယ်ချက်ကတော့ စင်းခန်းတံတားကို ထိန်းချုပ်ပြီးတော့ ရွှေကူ၊ ဗန်းမော် ခရိုင်ချင်းဆက်လမ်းကို ပြန်ပြီးထိန်းချုပ်ချင်တာပေါ့နော်၊ ဒါကြောင့်မို့လို့ ရွှေကူနဲ့ ဗန်းမော်ကြား စင်းခန်း၊ ဇင်းဘုံ၊ ပြီးရင် ကောင်းတုံ အဆိုပါ နေရာတွေမှာ ဆက်ပြီးတော့ မြေပြင်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဦးမယ်လို့ ကျနော်တို့ မှန်းဆရပါတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘော ၁၅ စီးခန့်ဟာ ရွှေကူနဲ့ ဗန်းမော်အကြားမှာ KIA ရဲ့ တိုက်ခိုက်မှုကြောင့် ၁ စီး နစ်မြုပ်သွားပြီး ၄ စီး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒါ့အပြင် စစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့ မိသားစုဝင်အများအပြားလည်း KIA ပူးပေါင်းမဟာမိတ်တို့က ခေါ်ဆောင်သွားခြင်း ခံရကြောင်း ဆိုပါတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်တွေကို ဧရာဝတီ ဒုတိယမြစ်ကျဉ်း ဇင်းဘုံရွာအနီးက မီတာ ၁၀၀ ခန့်ရှိတဲ့ အနေအထားမှ KIA နဲ့ ပူးပေါင်းမဟာမိတ်တို့က နှစ်ဖက်ညှပ်၍ လက်နက်ကြီး၊ လေယာဉ်ပစ်လက်နက်တို့ဖြင့် ပစ်ခတ်တာကြောင့် စစ်တပ်ဘက်က ထိခိုက်မှုများပြားကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

လက်ရှိမှာ စစ်ရေယာဉ် ၇ စီးနဲ့ တပ်အင်အား ၆၀၀ ခန့်ဟာ ဗန်းမော်မြို့ကို ရောက်ရှိသွားပြီဖြစ်တဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာလည်း စစ်ရေယာဉ်တွေ ဗန်းမော်မြို့သို့ ရောက်ရှိပြီဖြစ်တဲ့အကြောင်း ပုံတွေနဲ့တကွ ရေးသားဖော်ပြထားကြပါတယ်။

related posts

Leave a Comment