မကွေးတိုင်း၊ ချောက်မြို့နယ် စလေမြို့နယ်ခွဲ တောင်သာကျေးရွာနဲ့ စမ်းစုကျေးရွာကြားမှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် ၂၀ ဦး သေဆုံးခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဘက်က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အခုလို ထိခိုက်ကျဆုံးမှု များပြားခဲ့တာလို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီသတင်းဖော်ပြချက်တွေထဲမှာတော့ တိုက်ပွဲအတွင်း ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေအပြင် လက်နက် ၂၀ လက်နဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။
တော်လှန်ရေးရဲဘော် ၂၀ ဦး ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ကျဆုံးသွားတယ်ဆိုတဲ့ ကိစ္စဟာ မှန်ကန်ကြောင်း မကွေးခရိုင် PDF အမှတ် (၃) တပ်ရင်းဘက်ကလည်း အတည်ပြု ပြောကြားထားပါတယ်။
အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး တယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF အလောင်း ၂၀၊ ရိုင်ဖယ် ၁၉ လက်၊ စနိုက်ပါ ၁ လက်နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။