မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်သူ အပါအဝင် ဒေသခံတွေကို ဒီနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်းမှာ ပြန်လည်လွတ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်သူအပါအဝင် ဒေသခံရှမ်းနီ ၄ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒေသခံတစ်ဦးက “ဒီနေ့ ၁၁ နာရီကျော်မှာ လွတ်ခဲ့ပြီ။ ၄ ယောက်စလုံးကို ပြန်လွတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။
KIA က ဖမ်းခေါ်သွားတဲ့ နမ့်မီးလောင်ကျေးရွာသားအများအပြားကို ညောင်ပင်အချုပ်မှာ ဖမ်းဆီးထားပြီးနောက် ၅ ရက်အကြာ ပြန်လွတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းကလည်း အင်းတော်ကြီးဒေသလုံးဆိုင်ရာရှမ်းနီရိုးရာစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စိုင်းစိန်လွင်ဦးနဲ့ ကုန်းမနရွာသားတွေ KIA နဲ့ လက်အောက်ခံအဖွဲ့တွေက ကြိုးတုပ်ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းခရိုင် အင်းတော်ကြီးဒေသမှာ ရှမ်းနီလူမျိုးတွေက အများစု နေထိုင်ကြပြီး ဗမာ၊ ကချင် လူမျိုးစု အနည်းငယ်လည်း နေထိုင်ကြတယ်လို့ သိရပါတယ်။