Home » ကတူးလူမျိုးစုတွေ လူမျိုးသုန်းပျောက်ကွယ်နေတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရဟု ပြော

ကတူးလူမျိုးစုတွေ လူမျိုးသုန်းပျောက်ကွယ်နေတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရဟု ပြော

by Homeland Author

ကတူးလူမျိုးစုတွေဟာ သမိုင်းမှတ်တမ်းတွေမှာ အစဉ်အလာကြီးမားဝင့်ထည်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ လူမျိုးသုန်းပျောက်ကွယ်လာနေတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအဖြစ်သာ ကျန်ရှိတော့တယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်က ဆိုပါတယ်။

ဧပြီ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ (၁၇) ကြိမ်မြောက် ကတူးအမျိုးသားနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကတူးလူမျိုးတို့ဟာ ရှေးအရင်ကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ နဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေ ခိုင်ခိုင်မာမာရှိခဲ့တဲ့ ရှေးကျတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၀ မှစ၍ နှစ်စဉ်ဧပြီလ ၂၂ ရက်နေ့ရောက်တိုင်း ကတူးတိုင်းရင်းသားတွေ ပြန်လည်စုရုံးတွေ့ဆုံကြပြီး စာပေ နဲ့ ရိုးရာယဉ်ကျေးမှုတွေ ထိန်းသိမ်းမြင့်တင်ရေးကို ဆွေးနွေးအကောင်အထည်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ ဧပြီလ ၂၂ ရက်နေ့ကိုပဲ ကတူးတိုင်းရင်းသားများနေ့ (ခ) ကတူးအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တာဟာ (၁၇) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ကတူးလူမျိုး၊ စာပေ၊ ဘာသာစကား၊ ရေမြေတောတောင်တွေ မပျက်စီးမပျောက်ကွယ်သွားစေဖို့ ကတူးတိုင်းရင်းသားတွေအားလုံး လက်ဆင့်ကမ်း ထိန်းသိမ်းကြရမယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်က ပြောပါတယ်။

မနေ့က ဧပြီ ၂၂ ရက်နေ့မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့နယ် အနောက်ခြမ်းမှာတော့ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်ကို တတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ကတူးလူမျိုးတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ဝန်းသိုတို့မှာ နေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

related posts

Leave a Comment