ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ သမ္မတကြီးအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့အတွက် နာဂအမျိုးသားပါတီ (NNP) က အလွန်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သမ္မတကြီးဦးဆောင်တဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံတော်ကြီးဟာ အရင်အချိန်ကာလတွေထက် ပိုမိုအေးချမ်းသာယာမှုရှိပြီး ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ဦးဆောင်ဦးရွက်ပြုနိုင်ပါစေကြောင်း ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေ ဖြေရှင်းနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာလည်း အောင်မြင်မှုတွေရရှိကာ သမိုင်းတွင်မယ့် ကောင်းမွန်တဲ့ အပြောင်းအလဲများစွာ ဖော်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်တယ်လို့ နာဂအမျိုးသားပါတီက ဆိုပါတယ်။
မိမိတို့ နာဂအမျိုးသားပါတီအနေဖြင့်လည်း သမ္မတကြီး ဦးဆောင်ဦးရွက်ပြုတဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်ပြန်လည်ထူထောင်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အလားတူ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပီပြင်စွာ ပေါ်ထွန်းလာရေးလုပ်ငန်းစဉ်တွေမှာလည်း အင်တိုက်အားတိုက် ပါဝင်ကာ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးကို မျှော်ကိုးလျက် ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်သွားလိုတယ်လို့ နာဂအမျိုးသားပါတီ (NNP) က သဝဏ်လွှာပို့ပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတာပဲ ဖြစ်ပါတယ်။