မော်တော်ယာဉ်ဖြင့် သွားလာဖို့ ခက်ခဲတဲ့ ဟုမ္မလင်း၊ ခန္တီး၊ မြစ်ကြီးနားအပါအဝင် မြို့အချို့မှာ လေကြောင်းခရီးစဉ်တွေကို ဦးစားပေးအနေဖြင့် မဖြစ်မနေပြေးဆွဲပေးသွားရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့က မတ်လ ၂၄ ရက်မှာ ကျင်းပတဲ့ စက်သုံးဆီတွေ ဖူလုံစွာရရှိရေး နဲ့ သုံးစွဲမှုတွေ စနစ်တကျဖြစ်စေရေး အစည်းအဝေးမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
လေကြောင်းခရီးစဉ် ဦးစားပေး ပေးဆွဲပေးရမယ့် မြို့တွေက ဟုမ္မလင်း၊ ခန္တီး၊ မြစ်ကြီးနား၊ ကလေး၊ ပူတာအို၊ တာချီလိတ်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ် နဲ့ ကော့သောင်းမြို့တို့ ဖြစ်ပါတယ်။
အလားတူ တခြားသွားလာဖို့ ခက်ခဲတဲ့ ဒေသတွေကိုလည်း ဒုတိယဦးစားပေးအနေဖြင့် လေကြောင်းခရီးစဉ်တွေ ပြေးဆွဲပေးသွားဖို့လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟုမ္မလင်းမြို့သို့ ရောက်ရှိလာပြီးနောက် ဒေသတွင်းနေပြည်သူတွေဟာ ဟုမ္မလင်းဒေသဟာ ကုန်းကြောင်း၊ ရေကြောင်းတွေ သွားလာရခက်ခဲနေပြီး ကုန်စည်စီးဆင်းမှု အခက်အခဲတွေဖြစ်ပေါ်နေကြောင်း၊ လေကြောင်းလိုင်းတစ်ခုတည်းကိုသာ အားကိုးနေရကြောင်း ပြောဆိုတင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်း နဲ့ ခန္တီးမြို့တွေဟာ ကုန်းကြောင်းနဲ့ ရေကြောင်းသွားလာရေး ခက်ခဲနေမှုကြောင့် လေကြောင်းခရီးစဉ်တစ်ခုတည်းကိုသာ အဓိက အားထားနေရကြောင်း သိရပါတယ်။