လက်ရှိမှာ ချင်းတော်လှန်ရေး အင်အားစုတွေအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အင်အားကို ပိုမိုစုစည်းခိုင်မာအောင် တည်ဆောက်လျက် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြရမယ့် အချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောပါတယ်။
ဒါကြောင့် အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူ တရပ်လုံး အမျိုးသားရေးအသိ၊ အမျိုးသားရေး တာဝန်ဖြင့် ချင်းတော်လှန်ရေးမှာ စစ်မှုထမ်းကြဖို့ တိုက်တွန်းတယ်လို့ CNF က ပြောပါတယ်။
ဒီနေ့ ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၃၈) နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
ပြည်တွင်း နဲ့ နိုင်ငံတကာရှိ ချင်းလူမျိုးတွေအနေဖြင့် အသက်နဲ့ခန္ဓာ ပေးလှူခဲ့ကြတဲ့ အာဇာနည်တွေ နဲ့ စစ်မြေပြင်မှာ နေ့နေ့ညည တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရဲဘော်၊ ရဲမေတွေကို အောက်မေ့အမှတ်ရလျက် လက်ရှိ ဆင်နွှဲနေတဲ့ တော်လှန်ရေး ပန်းတိုင် ရောက်ရှိရေးအတွက် လူအင်အား၊ ဓနအင်အား ပိုမိုစိုက်ထုတ်ကြဖို့ CNF က တိုက်တွန်းပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာရယူပြီးနောက် တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း၍ စစ်တပ်ကို တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။