Home » နိုင်ငံရေးဘောဂဗေဒကြားက နွေဦးတော်လှန်ရေး၏ လားရာ

နိုင်ငံရေးဘောဂဗေဒကြားက နွေဦးတော်လှန်ရေး၏ လားရာ

by Homeland Author

အပိုင်း(၁)

နိုင်ငံရေးဘောဂဗေဒသည် နိုင်ငံရေးနှင့် စစ်ရေးနယ်ပယ်တွင် မသိမဖြစ် သိရှိရသည့် ပညာရပ်တစ်ခု ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်တွင် လည်ပတ်နေသည့် စီးပွားရေးစနစ်များနှင့် နိုင်ငံရေး စနစ်များ၏ ဆက်စပ်နေမှုကို ဤပညာရပ်ဖြင့် လေ့လာသုတေသနပြုရပါသည်။ သုတေသနရလာဒ်များသည် လူမှုအသိုက်အဝန်းကြားတွင် ဖြစ်ခဲ့ပြီးသော အခြေအနေများအရ ဖြစ်လာလတ္တံ့သော အခြေအနေများကို သုံးသပ် တွက်ချက်သည်။

မြန်မာပြည်သည် ပထဝီဝင်အနေအထားအရ အင်အားကြီး နိုင်ငံနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ အကြားတွင် တည်ရှိနေသည်။ သမိုင်းစဉ်အရဆိုလျှင် မြန်မာပြည်သည် အိန္ဒိယနိုင်ငံ၏ လွှမ်းမိုးမှုကို ကိုးကွယ် ယုံကြည်မှုနှင့် အနုသုခုမပညာများ၊ အုပ်ချုပ်ရေးစနစ်၏ အယူအဆများအရ တွေ့နိုင်ပါသည်။ သို့သော် တရုတ် နိုင်ငံ၏ လွှမ်းမိုးမှုတွင်မူ နိုင်ငံရေးနှင့် စစ်ရေးအရပါ ခံရလေ့ရှိပြီး ထိုသို့ခံရသည့် ကာလတိုင်းတွင် မြန်မာပြည်၌ မင်းပြောင်းမင်းလွှဲ ဖြစ်စဉ်များ၊ တိုင်းပြည်မငြိမ်မသက်မှုများနှင့် ဘေးဒုက္ခရောက်မှုများကို ကြုံတွေ့ရလေ့ရှိပါ သည်။

သမိုင်းစဉ်တစ်လျှောက်တွင် တရုတ်နိုင်ငံသည် မြန်မာပြည်နှင့် ပတ်သက်လျှင် လက်အောက်ခံ ပဏ္ဏာ ဆက်နိုင်ငံအဖြစ်သာ ယူဆခဲ့သည်။ မြန်မာ့သမိုင်းတွင် တရုတ်တို့နှင့် ဆက်ဆံရေးကို ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ရေး၊ နိုင်ငံရေး အခြေအနေအရ အပြန်အလှန်လက်ဆောင်ပို့သရသည်ဟု မှတ်ယူသော်လည်း တရုတ်နိုင်ငံဘက်ကမူ လက်အောက်ခံနိုင်ငံက လက်ဆောင်ပဏ္ဏာဆက်သဖြင့် တုန့်ပြန်ဆုချီးမြှင့်ခြင်းဟူ၍သာ မှတ်ယူခဲ့သည်မှာ သတိပြု စရာပင်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်အပြီးတွင် အင်္ဂလိပ်တို့၏ အထက်မြန်မာပြည်အား သိမ်းပိုက်ခဲ့မှု အပေါ် တရုတ်နိုင်ငံက ၎င်းတို့၏ ပဏ္ဏာဆက်နိုင်ငံကို သိမ်းပိုက်သည့်အတွက် ကန့်ကွက်ကြောင်းနှင့် မြန်မာပြည် တွင် မင်းသားတစ်ပါးပါးကို နန်းပြန်တင်ရန် တိုက်တွန်းကြောင်းကို တရုတ်နိုင်ငံခြားရေးရုံးမှ ထုတ်ပြန်ခဲ့ခြင်းက သတိပြုစရာ သက်သေတစ်ခု ဖြစ်ခဲ့သည်။

အတိတ်သမိုင်းနှင့် ဆက်စပ်မှုကို ဤမျှနှင့်ရပ်၍ ၂၀၂၁ခုနှစ် စစ်တပ်၏ အာဏာသိမ်းခါနီး ကာလများ အတွင်း ဖြစ်စဉ်များကို ဆက်စပ်ပြလိုပါသေးသည်။ ၂၀၁၅ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ရွေးကောက်ပွဲအောင်မြင်မှုအရ မြန်မာနိုင်ငံတွင် အစိုးရသစ်အဖြစ် နေရာရလာခဲ့သည်။ ကနဦးပိုင်းတွင် စစ်တပ် နှင့် NLD အစိုးရ၏ ဆက်ဆံရေးသည် မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် သုံးလေ့ရှိသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟူသော ခေါင်းစဉ်အောက်၌ အဆင်ပြေစပြုခဲ့သည်။ စစ်တပ်မှလုပ်သည့် အခမ်းအနားများတွင်  NLD အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များကို တွေ့ရသကဲ့သို့ ရှေ့တန်းပြန်တပ်ရင်းများကို ကြိုဆိုသည့်ပွဲများ၌  NLD ပါတီဝင်များကို သပြေခက်များနှင့်အတူ တွေ့လာရပေသည်။ ထို့အပြင်NLDအစိုးရအဖွဲ့ တွင် ဝန်ကြီးဌာန ၂၅ ခု၌ ဝန်ကြီး/ဒုဝန်ကြီးများအဖြစ် ခန့်အပ်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ လေးဦး၊ တပ်မတော်မှ ခြောက်ဦးတို့ကို ခန့်အပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပေသည်။

စစ်တပ်နှင့် NLDအစိုးရတို့ ဆက်ဆံရေးပြေလည်စ ပြုသည့်အချိန်တွင် တစ်ဘက်၌ လျစ်လျူရှုထားခဲ့ သည့်အချက်မှာ တိုင်းရင်းသားအရေးဆိုင်ရာကိစ္စများ ဖြစ်သည်။ ယခင်က ညီနောင်မိတ်ဖက်ပမာ လက်တွဲညီခဲ့ ကြသည့် တိုင်းရင်းသားပါတီများနှင့် NLDအစိုးရ၏ ဆက်ဆံရေးမှာ ၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ တဖြည်းဖြည်း အေးစက်လာခဲ့သည်။ လွှတ်တော်အတွင်း ဥပဒေပြုမှုများ၌ အနိုင်ရရှိထားသည့် အများစုမဲဆန္ဒကို ယူ၍ တိုင်းရင်းသားအရေးဆိုင်ရာကိစ္စများကို မျက်ကွယ်ပြုခဲ့ကြရာတွင် ရခိုင်ပြဿနာအစမှသည် မွန်ပြည်နယ် ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စနှင့် ဗိုလ်ချုပ်ရုပ်တုပြဿနာများအလယ်၊ ရွေးကောက်ပွဲဥပဒေပြင်ဆင်ခြင်း အဆုံးထိ ဖြစ်ပျက်ခဲ့သည်။

သို့သော် NLD အစိုးရ၏ စစ်တပ်အပေါ် အလေးပေးဆက်ဆံခြင်းသည် နွားနောက်ကို ဆားကျွေး၍ မွေး သကဲ့သို့ဖြစ်နေပြီး အချိန်တန်လျှင် တောပြန်တိုးမည်ကို သတိမေ့ထားခဲ့ကြဟန်တူသည်။ NLDအစိုးရဘက်က သတိလည်လာသလိုလို စဖြစ်သည့်ကာလမှာ ၂၁ရာစုပင်လုံတွင် လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်၏ မိန့်ခွန်း ပြောအပြီးကာလ ဖြစ်တော့သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ရွှေပြည်အေးမိန့်ခွန်းဆိုပြီး နောက်ဝယ် အာဏာသိမ်းစစ်ခေါင်းဆောင်က ဘီလူးဆိုင်းတီးခဲ့ရာ တက်ရောက်ကြသည့် တိုင်းရင်းသားလက်နက် ကိုင် အစုအဖွဲ့များနှင့် နိုင်ငံရေးပါတီတို့မှာ စိတ်ပျက်လက်ပျက်ဖြစ်ကြရပေသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြစဉ် (၂၀၂၁ ဖေဖော်ဝါရီ ၁၅)

နိုင်ငံအတွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူအများစုက အထက်ပါ ပဋိပက္ခအခြေအနေများကို အာရုံ စူးစိုက်နေကြစဉ် နောက်ကွယ်၌ နိုင်ငံရေးဘောဂဗေဒအရ ပြဿနာကြီးတစ်ရပ်က ၂၀၁၈ခုနှစ်တွင် စလာခဲ့သည်။ ၂၀၁၈ခုနှစ် သြဂုတ်လ၁၄ရက်တွင် အမေရိကန်သံရုံးမှ နိုင်ငံရေးနှင့်စီးပွားရေးအရာရှိ Mr.Willim Flens ဦးဆောင် သောအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကုန်သည်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းရုံးမှ တာဝန်ရှိသူ များနှင့် စီးပွားရေးဆိုင်ရာကိစ္စများကို စတင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၂၀၁၉ခုနှစ် မတ်လ၁၂ရက်တွင် American Business Corner-ABC ကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ဖွင့်လှစ်ခဲ့ပြီး NLD အစိုးရဘက်က တိုင်းဒေသကြီးဝန်ကြီးချုပ် Dr.ဇော်မြင့်မောင်နှင့် အမေရိကန်သံရုံးမှ သံအမတ် ကြီး  Mr.Scott Marciel တက်ရောက်ခဲ့သည်။ အမေရိကန်အစိုးရ၏ တာဝန်ရှိသူအချို့ မန္တလေးတိုင်းဒေသကြီး အတွင်း လာရောက်သည်ကိုပင် နည်းမျိုးစံဖြင့် မကြာခဏ ကန့်ကွက်လေ့ရှိသည့် တရုတ်အစိုးရမှာ ဤအခြေ အနေအရပ်ရပ်ကို မျက်စိဒေါက်ထောက်၍ အချိန်ပြည့်စောင့်ကြည့်နေပေသည်။

တရုတ်အစိုးရအနေဖြင့် ထပ်မံသတိထားလာရသည့် အချက်မှာ NLDအစိုးရက အိန္ဒိယနိုင်ငံနှင့် ကုန်းတွင်း စီးပွားရေးလမ်းကြောင်းသစ် ဖောက်လုပ်ရန် သဘောတူညီမှုဖြစ်သည်။ ထိုသဘောတူညီမှုအရ အိန္ဒိယအစိုးရ သည် မဏိပူရ်ပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းသွားမည့် အမြန် လမ်းမကျယ်ကို ၂၀၁၈ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ရာ တရုတ်အစိုးရအတွက် သတိထားစရာကိစ္စ ဖြစ်လာခဲ့ သည်။ ထို့အပြင် ကုလားတန်မြစ်စီမံကိန်းကဲ့သို့သော စီမံကိန်းကြီးကလည်း တရုတ်နိုင်ငံက ဆောင်ရွက်မည့် ကျောက်ဖြူစီမံကိန်းနှင့် ယှဉ်ဖက်ဖြစ်လာမည်ကို စိုးရိမ်မကင်းဖြစ်လာနေသည်။

တရုတ်အစိုးရက ဖော်ဆောင်လျက်ရှိသည့် ခါးပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံ (OBOR) တွင် မြန်မာ နိုင်ငံနှင့်ပတ်သက်၍ စီမံကိန်းကြီးများကို ဆောင်ရွက်လိုသည်။ ထို့ကြောင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်း အမည်ကို ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် လာရောက်တွေ့ ဆုံချိန်အတွင်း တရားဝင်အဆိုပြုခဲ့သည်။ ထို့ နောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ခုနှစ် အစောပိုင်း၊ မေလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် တရုတ် နိုင်ငံ၊ ဘေဂျင်း၌ ကျင်းပသော နိုင်ငံတကာခါးပတ်တစ်ကွင်းလမ်းတစ်စင်းအစီအမံ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တတ်ရောက်ခဲ့သည်။

ထိုခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် သီးသန့်တွေ့ဆုံပြီး ခါးပတ်တစ်ကွင်း လမ်းတစ်စင်းအစီအမံ(OBOR)တွင် မြန်မာနိုင်ငံက ပါဝင်ရေးကို ဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးခဲ့ရာတွင် တရုတ် အစိုးရက ဖော်ဆောင်မည့် စီမံကိန်းကြီးများ၏ ဆုံရပ်သည် မန္တလေးဖြစ်လာသည်။ ဤတွင်  NLDအစိုးရသည် အမေရိကန်အစိုးရနှင့်ပေါင်း၍ မန္တလေး၌ American Business Corner-ABCဖွင့်ခြင်း၊ အိန္ဒိယနှင့်ပေါင်း၍ မန္တလေးကို ဖြတ်သန်းလာမည့် လမ်းမကျယ်ကြီးကို ဖောက်လုပ်ခြင်းတို့မှာ တရုတ်အစိုး၏ မဟာဗျူဟာမြောက်သော စီမံကိန်းဆုံရပ်ကို ချုပ်ကိုင်ရန်အသင့်စောင့်ကြိုနေသကဲ့သို့ ဖြစ်လာ တရုတ်အစိုးရဘက်က မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများကို ဖန်တီးလာတော့သည်။

Mauk Lao Leng

(Mauk Lao Leng  သည် ပြည်တွင်းစစ်ရေး၊ နိုင်ငံရေးအခြေအနေများကို လေ့လာသုံးသပ်နေသော လွတ်လပ်သည့် နိုင်ငံရေးသုတေသီတစ်ဦး ဖြစ်သည်။)

related posts

Leave a Comment