စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် PDF ထိန်းချုပ်နယ်မြေ မြစ်ကြောင်းအတွင်းရှိ ဘိလပ်မြေ သယ်ယူဖြတ်သန်းခွင့် မပြုကြောင်း ထုတ်ပြန်လာပါတယ်။
ဟုမ္မလင်းမြို့နယ် PDF ထိန်းချုပ်မူနယ်မြေပြင်ပသို့ ကုန်စည်များဖြတ်သန်းခွင့်ကို ပိတ်ပင်ထားရှိမူအပေါ် ဒေသခံတွေရဲ့ ရင်ဖွင့်ပြောကြားသံတွေကို ကြားသိခဲ့ရကြောင်းဆိုပါတယ်။
ဒါကြောင့်အရေးပေါ်(ဗဟို)အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာစစ်ဘက်ဆိုင်ရာတွေ နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ကာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်စိစစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်ကာ မြစ်ကြောင်းရှိ ကုန်စည်တွေကို ထွက်ခွာခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ကြောင်းအတွင်းရှိ စက်သုံးဆီ၊ ကုန်မာ နဲ့ စားသောက်ကုန်တွေကို သတ်မှတ်အခွန်နူန်းတွေ အတိုင်း ပေးဆောင်စေပြီး စိုးမိုးမှုဧရိယာပြင်ပရှိ ဒေသတွေမှာ ထွက်ခွာခွင့် ပြုပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံတစ်ဦးက “ရွှေပြည်အေးမြို့က PDF ဂိတ်မှာ ဒီဇယ်တစ်ပေပါကို ၃ သိန်းနှုန်းနဲ့ ကောက်နေလို့ ပြည်သူတွေနဲ့ ပြဿနာတက်သေးတယ်” လို့ ပြောပါတယ်။
သို့သော်လည်း ကန့်သတ်ကုန်အနေဖြင့် ဘိလပ်မြေကို သယ်ယူဖြတ်သန်းခွင့်ပြုမှာ မဟုတ်ပါကြောင်း ဟုမ္မလင်း PDF က အသိပေးထားပါတယ်။
အလားတူ ဟုမ္မလင်းမြို့နယ်အတွင်း NUG ရဲ့ လက်အောက်ခံအဖွဲ့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) တွေက အခြားဒေသသို့ ဆန်စပါး ရောင်းဝယ်ခွင့်ကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
HPDF အဖွဲ့ ထိန်းချုပ်ထားတဲ့ တောင်ကင်းအုပ်စု၊ နောင်ဖာမူအုပ်စု၊ နမ့်ပါတ်ကားအုပ်စု၊ နမ့်နန်းအုပ်စု နဲ့ နမ့်ချောအုပ်စု အားလုံးကို ဟုမ္မလင်းမြို့၊ နောင်ပူအောင်၊ နမ့်တောအပါအဝင် အခြားဒေသကို ပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။