စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာအစိုးရအဖွဲ့ဝင်ဖြစ်တဲ့ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့ ရှေ့နေချုပ် စတဲ့ ဝန်ကြီးအသီးသီးကို တာဝန်ပေး ခန့်အပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၃ မှာ ပြုုလုပ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သတ္တမပုံမှန်အစည်းအဝေးမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ(၆၉) အရဟုဆိုကာ အတည်ပြုတာဝန်ပေးတာလို့ ထုတ်ပြန်ပါတယ်။
ဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ရဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် ဒေါက်တာအောင်နေဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးကိုကိုအောင်၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဦးမိုးမင်းဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးခန့်ဝေဖြိုး၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ တင်အောင်မိုး၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်အောင်တို့ကို ခန့်အပ်လိုက်ပါတယ်။
ဒါ့အပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ လူသားချင်းစာနာကူညီရေး ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီးဦးတိုးဝေအောင် ၊ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းလှိုင်၊ သစ်တောနှင့် သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီးဦးဇင်မင်းထွန်း၊ တိုင်းရင်းသားလူမျိုးစုရေးရာဝန်ကြီးဌာနဝန်ကြီး ဦးဘွဲ့ဟုပ်ထန်း၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ရတီအုန်း နဲ့ ဖက်ဒရယ်ယူနစ်ရှေ့နေချုပ်ရုံး ရှေ့နေချုပ် ဦးအောင်ချစ်ညိုတို့ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အတည်ပြုတာဝန်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မတူညီတဲ့အင်အားများစုစည်းထားတာမို့ နားလည်မှု နဲ့ ပေါင်းစပ်နိုင်မှုက အဓိကကျပါလိမ့်မယ်ဖြစ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်ပေးရတဲ့အခါတိုင်း တော်လှန်ရေးအမြန်ပြီးစီးဖို့နဲ့ ပြည်ထောင်စုအတွက် ရှေ့တန်းတင်ပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးမှ ပြောကြားခဲ့ပါတယ်။










