နိုင်ငံတကာမှ မြန်မာပြည်သွင်းကို လေယာဉ်ဆီတွေ တင်ပို့၊ ရောင်းချနေတာတွေကို ထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူရမယ်လို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်း ၂၀၉ ဖွဲ့မှ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက် ည (၉) နာရီ ဝန်းကျင်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချခဲ့ပြီး ဆေးရုံတည့်တည့်သို့ တစ်လုံး၊ ဆေးရုံအရှေ့သို့ တစ်လုံး ကျရောက်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းတွေ၊ မွေးကင်းစ ၃ လသား အရွယ် ကလေးငယ်အပါအဝင် ဆေးကုသမှုခံယူနေတဲ့ အရပ်သား (၃၃) ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး (၇၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုအနေနဲ့ အနည်းဆုံး အရပ်သား (၈) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာရစေခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် ည (၇)နာရီ ကျောက်ဖြူမြို့နယ် င/လုံးစုကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို ရခိုင်ပြည်နယ်ရှိ မြို့နယ် (၇) ခုမှာ ကျုးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်ပြီး ၎င်းတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် အပြစ်ပေးအရေးယူမှု၊ သေချာစေတဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေရှိလာဖို့ အာဆီယံ (ASEAN)၊ ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU) နဲ့ နိုင်ငံတကာ အစိုးရတွေ အနေဖြင့် ရှုံ့ချကန့်ကွက်ကြောင်း စာထုတ်ပြန်ခြင်းသာမပြုလုပ်ဘဲ ဖော်ပြပါထိရောက်တဲ့ အပြစ်ပေးဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ရမှာဖြစ်ကြောင်း မိမိတို့မှ အထူးတိုက်တွန်းတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ မှ လေယာဉ်ဆီတွေ မြန်မာပြည်တွင်းသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တင်ပို့၊ ရောင်းချ၊ လွဲပြောင်း (သို့) ဖြန့်ဖြူးနေမှုတွေကို ချက်ချင်း ပိတ်ဆို့ ဖြတ်တောက်ဖို့၊ လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်မှာပါဝင်နေတဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကုမ္ပဏီတွေ၊ ကော်ပိုရိတ်တွေ အားလုံးကို ထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူရမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအစိုးရတွေ၊ အထူးသဖြင့် ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးမှာပါဝင်နေတဲ့ ဆီတင်သင်္ဘောတွေ နဲ့ အခြေခံအဆောက်အအုံတွေ (ဆိပ်ကမ်းတွေ၊ ဆီသိုလှောင်ကန်တွေ ပိုက်လိုင်းတွေ)အတွက် ရေကြောင်းအာမခံဝန်ဆောင်မှုပေးနေတာတွေကို ပိတ်ဆို့ တားဆီးရမယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ် ကျူးလွန်တိုက်ခိုက်နိုင်နေတာဟာ မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စတဲ့ နိုင်ငံတွေမှ လေယာဉ် နဲ့ ဗုံးကြဲ တပ်ဆင်တဲ့ လက်နက် ကိရိယာတွေ ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်ပြီ အဲဒီလို ဝယ်ယူနိုင်ဖို့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှ လစဉ် ဓါတ်ငွေ့ ဝင်ငွေတွေ စစ်အုပ်စုကို ဒေါ်လာ သန်းနဲ့ချီ ငွေပေးချေနေမှုတွေ ချက်ချင်း ရပ်တန့်ရမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်မရစေ နဲ့ အရပ်သားပစ်မှတ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာအစိုးရတွေ အားလုံးအနေနဲ့ တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရမယ်လို့ တောင်းဆိုချက်မှာဖော်ပြထားပါတယ်။
စစ်အုပ်စုကို ထိရာက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်း ၂၀၉ ဖွဲ့မှာ Justice For Myanmar၊ Burma Campaign UK၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ Arakan CSO Network စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။