Home နိုင်ငံရေး ဟုမ္မလင်းမှာ မဲပေးခွင့်ရှိသူနဲ့ မြေပြင်စာရင်း ကွာဟနေ

ဟုမ္မလင်းမှာ မဲပေးခွင့်ရှိသူနဲ့ မြေပြင်စာရင်း ကွာဟနေ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း စစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူနဲ့ မြေပြင်စာရင်း အများအပြား ကွာဟနေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

မဲစာရင်းပြုစုရာတွင် ပုံစံ ၆၆/၆ ကို အခြေခံ၍ ပြုစုတာဖြစ်ပြီး ပထမအကြိမ်မဲစာရင်းမှာ ကြေညာတဲ့ မဲပေးခွင့် ရှိသူဦးရေ နဲ့ မြေပြင်စာရင်း အလွန်ကွာဟနေပါတယ်လို့ ဆိုပါတယ်။

ဟုမ္မလင်း၊ ချင်းတွင်းအထက်ပိုင်းက တစ်အုပ်စုထဲမှာပဲ လူဦးရေ ၅၀၀ ခန့်ကွာဟနေပြီး မဲစာရင်းမှာ ထည့်သွင်းဖို့ ပုံစံ ၃ နဲ့ လျှောက်ထားခဲ့သော်လည်း ဒုတိယအကြိမ် မဲစာရင်းမှာ ၁၀၀ ကျော်သာ ပါဝင်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မဲစာရင်းမှာ မပါဝင်လာတာနဲ့ ပတ်သက်ပြီး လဝကရဲ့ ဆာဗာအတွင်း အိမ်ထောင်စု တည်ရှိခြင်းမရှိတာကြောင့်လို့ အကြောင်းပြတယ်၊ ချင်းတွင်းမြစ်အထက်ပိုင်းက အုပ်စုထဲမှာကို လူဦးရေ ၅၀၀ နီးပါး ကွာနေတယ်၊ ပုံစံ ၃ နဲ့ ပြန်လျှောက်တော့ မဲစာရင်း ၁၀၀ ကျော်ပဲ ပြန်ပါလာတယ်။ ကျန်တာ မပါလာဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက် မဲပေးခွင့်မရှိတဲ့ ရှမ်းလူမျိုးတွေလည်း အများအပြားရှိနေကြောင်း၊ ဖခင်က ရှမ်းဖြစ်မှသာ မဲပေးခွင့်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းနီဒေသမှာ နေထိုင်တဲ့ ပြည်သူတွေဟာ ဒေသကိုယ်စားလှယ်တွေကို အခွင့်အရေး တစ်ရပ်အဖြစ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ဆန္ဒမဲ ပေးလိုတဲ့ စိတ်ဆန္ဒတွေ ပြင်းထန်နေကြပေမယ့် မဲစာရင်းမှာ ပါဝင်လာတာ မရှိဘူးလို့ ဆိုပါတယ်။

“ရှမ်းနီဒေသမှာ နေထိုင်ရင် အဲဒီဒေသရဲ့ ကောင်းမွေဆိုးမွေကို ခံစားကြရမယ့် မိဘပြည်သူတွေဟာ မိဘနှစ်ပါးအနက် တဦးဦးက ရှမ်းဖြစ်နေပေမယ့် တိုင်းရင်းသား မဲစာရင်းမှာ မပါဝင်တာတွေ ရှိနေတယ်။ အရင်ရွေးကောက်ပွဲတုန်းက မိဘနှစ်ပါးထဲက တဦးဦးက ရှမ်းဆိုရင် တိုင်းရင်းသားရေးရာမှာ မဲပေးခွင့်ရှိတယ်။ အခုက တိုင်ရင်သားရေးရာ မဲစာရင်းမှာ ထည့်သွင်းထားတာ မရှိဘူး” လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှတဆင့် ရွေး‌ကောက်တင်မြောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒေသတွင်းနေပြည်သူတွေ ကြုံတွေနေရတဲ့ ပြဿနာ အခက်အခဲတွေကို ဥ‌ပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ပြီး ဒေသတွင်းပြည်သူတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို ရရှိအောင် ဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်သည် ဖြစ်စေ ၅ နှစ်တာကာလအတွင်း အဲဒီကိုယ်စားလှယ်တွေရဲ့ ကောင်းမွေ ဆိုးမွေကို ခံစားကြရမှာလို့ ဆိုပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ မဲပေးခွင့်ရှိသူနဲ့ မြေပြင်စာရင်း ကွာဟနေမှု၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ မဲထည့်ဖို့ မဲစာရင်းမပါဝင်မှုတွေကို ပြန်စိစစ်ပေးဖို့ ‌လိုလားနေကြပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမပိုင်း ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအပိုင်း နဲ့ တတိယအပိုင်းရွေးကောက်ပွဲကိုတော့ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

related posts

Leave a Comment