Home နိုင်ငံရေး ဗန်းမောက်စစ်ရှောင်တွေကို ချင်းတွင်းဧရာအင်စတီကျူအဖွဲ့ စားနပ်ရိက္ခာထောက်ပံ့

ဗန်းမောက်စစ်ရှောင်တွေကို ချင်းတွင်းဧရာအင်စတီကျူအဖွဲ့ စားနပ်ရိက္ခာထောက်ပံ့

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းက တိုက်ပွဲရှောင်တွေအတွက် ချင်းတွင်းဧရာအင်စတီကျူ (Chindwin Aya Institute ) အရပ်ဖက်အဖွဲ့အစည်းမှ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလက စတင်၍ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီ၊ ကတူး၊ ကနန်း၊ ဗမာစတဲ့ တိုင်းရင်းသားလူထုမှာ စစ်ဘေးလွတ်ရာသို့ ခက်ခဲစွာ တိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲရှောင်တွေအတွက် စားနပ်ရိက္ခာ နဲ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲများစွာ ဖြစ်ခဲ့ကြရတာကြောင့် Chindwin Aya Institute မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းခြင်းကို ဦးစွာလုပ်ဆောင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ အကူအညီတွေ ရရှိနိုင်ဖို့လည်း ကြိုးစားဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ကြိုးစားဆောင်ရွက်ခဲ့ရာမှာ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းအရပ်ဘက်အဖွဲအစည်းတွေ နဲ့ ချိတ်ဆက်ကူညီမှုတွေရရှိပြီး စစ်ဘေးရှောင်စခန်းနေရာပေါင်း (၁၈)နေရာ၊ အိမ်ထောင်စုပေါင်း (၇၃၂) စု၊ လူဦးရေပေါင်း (၂၇၆၈) ဦးကို ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း ကနဦးအကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲရှောင်တွေအတွက် စားနပ်ရိက္ခာအဖြစ် ၂၈ ကီလိုပါတဲ့ ဆန်အိပ်ပေါင်း (၅၁) အိတ်၊ ဆေးဝါးအမျိုးအစားပေါင်း (၅) မျိုး နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း (၁၃၅) ထုပ်ကို စစ်ဘေးရှောင်လူထုအတွက် ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ Chindwin Aya Institute ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာလည်း ဗန်းမောက်မြို့ပေါ်နဲ့ ကျေးရွာတွေအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံ ရှမ်းနီ၊ ကတူး၊ ကနန်း၊ ဗမာစတဲ့ တိုင်းရင်းသားလူထုတွေဟာ ဆက်လက်တိုက်ပွဲရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment