Home ဆောင်းပါး မြေလှန်ခွာစစ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး

မြေလှန်ခွာစစ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး

by Homeland Author

အာဏာသိမ်းစစ်တပ်ကိုတော်လှန်ချင်လျှင် စစ်တပ်အကျင့်ဆိုးကို လိုက်မကျင့်ဖို့ လိုအပ်တယ်။ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ချင်လျှင် ကိုယ်တိုင်အာဏာရှင် မဖြစ်အောင် နေဖို့လိုတယ်။ သည်အချက်ဟာ အာဏာရှင်တော်လှန်ရေးမှာ သင်ပေး စရာမလိုအောင် သိမြင်ရမယ့် အခြေခံ နားလည်မှုပါ။ စစ်တပ်အာဏာသိမ်းတာကို ငါတို့ မကြိုက်ပေမယ့် ငါတို့အာဏာရှင်စိတ် ပေါက်လာတာကိုတော့ လူထုကြီးဘက်က ရန်ပုံငွေ ထည့်၊ လူစိုက်ပြီး ထောက်ခံပေးကြပါ ဆိုတာမျိုးကတော့ နောင်လာတဲ့ မောင်ပုလဲ ဒိုင်းဝန် ထက် ကဲပေတော့မပေါ့။

မြင်သာအောင် ပြောပါဦးမယ်။ စစ်အာဏာရှင်တော်လှန်ရေးအတွက် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေ၊ ဘက်တော်သားတွေ အနေနဲ့ စစ်တပ်လက်ထဲကနေ မြို့တွေ၊ ရွာတွေကို သိမ်းပိုက်ရရှိကြလျှင်တော့ ဝမ်းမြောက် ဝမ်းသာနဲ့ အောင်ပွဲခံခဲ့ကြတယ်။
(၁) သည်ဝမ်းသာမှုက လူထုလွတ်မြောက်ရေးကို အရယူပေးနိုင်လို့ ဝမ်းသာတာလား?
(၂) ဒါမှမဟုတ် ငါတို့စွမ်းလို့ မြို့သိမ်းနိုင်တယ်ဆိုတဲ့အမြင်နဲ့ ဝမ်းသာတာလား?
ဆိုတဲ့ မေးခွန်း(၂)ခု ရှိပါတယ်။ သည်မေးခွန်းရဲ့ အဖြေကိုတော့ မြို့သိမ်းအပြီးမှာ လူထု အတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ရရှိမှာ ဖြစ်ပါတယ်။ လူထုအတွက် ရေ၊ မီး ဝန်ဆောင်မှု မပေးနိုင်ဘူး။ ဒါမျိုးကတော့ ကိစ္စမရှိဘူး။ တော်လှန် ရေးကာလမို့ ဒါမျိုးက ရနိုင်ဖို့ မလွယ်ဘူး ဆိုတာကို လူထုဘက်က နားလည်ကြပါတယ်။

သို့သော် မြို့သိမ်းအပြီးမှာ ပျက်စီးနေတဲ့ လမ်း၊ တံတား၊ အိမ်၊ ကျောင်း၊ ဆေးရုံ၊ သာသနိကအဆောက်အဦ စတာတွေနဲ့ ပတ်သက်တဲ့ သန့်ရှင်းရေးမျိုးကို လုပ်ကြသလား ဆိုတော့ မလုပ်ပြန်ဘူး။ လူထုအတွက် အခြေခံကျန်းမာရေးကိစ္စ၊ အခြေခံပညာရေးကိစ္စ၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ပညာပေးမှုကိစ္စ၊ မြေမြှုပ်မိုင်းအန္တရာယ် ပညာပေးမှု ကိစ္စစတဲ့ လုပ်နိုင်သမျှသော ဘယ်ကိစ္စမျိုးကိုမဆို မလုပ်ကြဘူး။

ဘာလုပ်ကြသလဲဆိုတော့ သည်ဘက်မြို့ကနေ သိမ်းယူရရှိထားတဲ့ လူထုဝန်ဆောင် မှုဆိုင်ရာ ကျန်းမာရေး၊ ပညာရေးနဲ့ ဆက်စပ်တဲ့ အဖိုးတန်ပစ္စည်းတွေကိုတော့ သူတို့ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေဆီပို့လိုက်ကြတယ်။ အမှန်တကယ် သိမ်းယူ ပြီးနောက် ထိန်းချုပ်နိုင်ရိုးမှန်လျှင် သည်ပစ္စည်းတွေကို အခြေပြုပြီး လူထုဝန်ဆောင်မှုကို ဆက်လုပ်နိုင်ကြရမယ် မဟုတ်လား။ အခုတော့ လူထုဝန်ဆောင်မှုဆိုင်ရာ ပစ္စည်းတွေကို သိမ်းယူပြီး လွတ်မြောက်နယ်မြေတွေဆီပို့လိုက်တယ်ဆိုတာဟာ သည်နယ်မြေမှာ နေထိုင် ကြတဲ့ လူထုအပေါ် ဘာဝန်ဆောင်မှုမှ ဆက်ပေးစရာမလိုဘူးဆိုတဲ့ အချိုးမျိုးကို ဖော်ပြတာ ဖြစ်ပါတယ်။

related posts

Leave a Comment