အိန္ဒိယ – မြန်မာ နယ်စပ်ကျောက်တိုင်အမှတ် ၁၇၂ နဲ့ ၁၇၃ အကြားမှာ အိန္ဒိယအစိုးရရဲ့ ခြံစည်းရိုးကာတဲ့ လုပ်ငန်းကို နာဂအဖွဲ့အစည်းတွေက ကန့်ကွက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်း ကျရောက်တဲ့ အိန္ဒိယ – မြန်မာ နယ်စပ်ကျောက်တိုင်အမှတ် ၁၇၃ (ပန်ဆောင်တောင်ကြားလမ်း) နဲ့ ၁၇၂ အကြား အခု ၂၀၂၅ ခုနှစ်မှာ စတင်ဆောင်ရွက်နေတဲ့ ခြံစည်းရိုးကာရံပြီး နယ်စပ်ပိုင်းခြား ကန့်သတ်ခြင်း လုပ်ငန်းစဉ်ဟာ တန်ရှန်းနာဂလူမျိုးတွေ နေထိုင်ရာ နယ်မြေအတွင်း ဖြစ်တယ်လို့ ဆိုပါတယ်။
လူမျိုးတစ်မျိုးတည်း၊ မိသားစုတစ်စုတည်းဖြစ်တဲ့ ဌာနေနာဂလူမျိုးရဲ့ တည်ရှိမှုကို မသိကျူးကျွန်ပြုကာ ပိုင်းခြားဖို့ ဆောင်ရွက်လာခြင်းကြောင့် နာဂပြည်သူတစ်ရပ်လုံး နာကျင်စွာ စိတ်ထိခိုက် ခံစားရတယ်လို့ ဆိုပါတယ်။
မည်သို့သော မြင်နိုင်တဲ့ ရုပ်ဝတ္ထုတွေနဲ့ ပိုင်းခြား ကန့်သတ်၍ ခွဲခြားဖို့ ရည်ရွယ်စေကာမူ သွေးကလာတဲ့ မမြင်နိုင်တဲ့ လူမျိုးတစ်မျိုးတည်းဖြစ်ခြင်း၊ နယ်မြေတစ်ခုတည်းဖြစ်ခြင်းတို့ကိုမူ ဘယ်အာဏာစက်ကမှ ပိုင်းခြားဖျောက်ဖျက်၍ ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အိန္ဒိယအစိုးရရဲ့ နယ်စပ်မျဉ်းခြံစည်းရိုးကာရံဖို့ ပြင်ဆင်တဲ့လုပ်ငန်းစဉ်ဟာ ဌာနေနာဂလူမျိုးတွေကို စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်ခြင်း နဲ့ သွေးခွဲဖျောက်ဖျက်ဖို့ မဟာဗျူဟာကျကျ လုပ်ဆောင်တဲ့ သိက္ခာမဲ့လုပ်ရပ်အဖြစ် သုံးသပ်ရတာကြောင့် မိမိတို့ နာဂပြည်သူကိုယ်စားပြုအဖွဲ့တွေက ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အိန္ဒိယ – မြန်မာ နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတွေ ချက်ချင်းရပ်တန့်ပြီး ရုပ်သိမ်းပေးဖို့၊ နှစ်နိုင်ငံမှာ ဌာနေနာဂပြည်သူရှိနေခြင်းကို အမြဲလေးစားတန်ဖိုးထားပေးဖို့၊ နှစ်နိုင်ငံရှိ ဌာနေနာဂပြည်သူတွေကို သွေးခွဲစေတဲ့ နိုင်ငံရေးအရ ဆောင်ရွက်မှုတွေကို ရှောင်ရှားဖို့ နဲ့ ပြည်သူအချင်းချင်း ရင်းနှီးစွာအတူ ယှဉ်တွဲနေထိုင်ခြင်းကို ဆက်လက်ထိန်းသိမ်းကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဆောင်ရွက်ဆဲနယ်စပ်စည်းမျဉ်းခြံစီးရိုးကာရံခြင်း လုပ်ငန်းတွေ ရပ်တန့်ခြင်း မရှိပါက ပြည်သူလူထုထံမှ ပေါ်ပေါက်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေဟာ အိန္ဒိယအစိုးရရဲ့ တာဝန်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ကန့်ကွက်မှုကိုတော့ ညီညွတ်သောတန်ရှန်းနာဂကောင်စီ၊ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုမြို့နယ် ကော်မတီ – နန်းယွန်းမြို့နယ်၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုမြို့နယ်ကော်မတီ – ပန်ဆောင်မြို့နယ်၊ တန်ရှန်းနာဂ နှစ်ခြင်းခရစ်ယာန် အသင်းတော်များကောင်စီ နဲ့ တန်ရှန်းနာဂကျောင်းသားများ အစည်းအရုံးတို့က အတည်ပြုထောက်ခံထားပါတယ်။