စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့မှာ အငြိမ်းစား ပညာရေးဝန်ထမ်းပါအဝင် လူ ၆၀ ကျော်ကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) နဲ့ PDF တို့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဗန်းမောက်မြို့မှာ ကျန်ရှိနေတဲ့ ပညာရေးဝန်ထမ်းတွေ၊ အငြိမ်းစားတွေပါ KIA/PDF တို့က ဖမ်းဆီးပြီး ဗန်းမောက် တောင်ပိုင်း နားလိမ်ကား ကျေးရွာဖက်ကို ပို့ဆောင်လိုက်တယ်လို့ ပြောပါတယ်။
ဒေသခံတစ်ဦးက “ဟုတ်တယ်၊ ပင်စင်စားတွေလည်း ပါတယ်၊ အယောက် ၆၀ ကျော်တယ်၊ ပညာရေးမှူးရုံးမှာ စာရေး လုပ်တဲ့သူတွေရော ပါသွားတယ်၊ ပင်စင်စား ဆရာမကြီးတွေလည်း ပါသွားတယ်၊ ပညာရေးမှူး အငြိမ်းစားတွေပါ့၊ မြန်မာ့စီးပွားရေးဘဏ်မှာ လုပ်ခဲ့တဲ့ ပင်စင်စားတွေရော ဖမ်းသွားတယ်၊ ပိုက်ဆန် သွားထုတ်တဲ လူတွေပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ KIA နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ ရှမ်းနီအမျိုးသားများ တပ်မတော် – SNA ထိိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ ဗန်းမောက်မြို့ကို KIA/PDF တို့က ထိန်းချုပ်လိုက်ပါတယ်။
အဲဒီနောက် ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံရှိ ဓာတ်မှန်စက်၊ မီးစက်၊ အင်ဗာတာ၊ ဘက်ထရီ၊ ခွဲစိတ်ခန်းသုံး ပစ္စည်း နဲ့ ဆေးဝါး တို့ကို KIA/PDF တို့က ဖြုတ်ယူသွားကြောင်း၊ အလားတူ ပြည်သူတချို့ရဲ့ နေအိမ်တွေကိုလည်း အဖောက်ခံရကြောင်း ဗန်းမောက်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆေးရုံက ပစ္စည်းတွေ အကုန်လုံးနီးပါးပဲ သူတို့ ယူကုန်ပြီ။ ဆေးရုံက ကုတင်တွေပါ မကျန်တော့ဘူး။ ကားတွေ နဲ့ သယ်သွားကုန်ပြီ။ ပန်းသတင်းအရက်ဘီယာ ရောင်းဝယ်ရေးဆိုင် နဲ့ မိုင်ဆုန်ခ အီလက်ထရောနစ်ဆိုင် အဖေါက်ခံရတယ်” လို့ ပြောပါတယ်။
ဗန်းမောက်မြို့မှာ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက ဌာနဆိုင်ရာ ဝန်ထမ်းအများစုဟာ SNA ထိန်းချုပ်ရာ အနောက်ခြမ်းသို့ ကြိုတင်တိမ်းရှောင်မှုတွေ ရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေတဲ့ ဝန်ထမ်း နဲ့ အငြိမ်းစားတွေကို KIA/PDF တို့က ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
ထို့အတူ ဗန်းမောက်မြို့ခံ ပြည်သူလူထုအများစုကလည်း SNA ထိန်းချုပ်ထားတဲ့ အနောက်ခြမ်းဖက်တို့ တိုက်ပွဲရှောင်နေကြရတယ်လို့ သိရပါတယ်။