လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေမှ ကိုယ်စားလှယ်လောင်း တင်သွင်းမှုအနေဖြင့် ၅ ထောင်နီးပါးရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မနေ့က စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို စက်တင်ဘာ ၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၁၅ ရက်အတွင်း တင်သွင်းရမယ်လို့ စစ်ကော်မရှင်က သတ်မှတ်ခဲ့တာပါ။
နိုင်ငံတဝန်းလုံး စည်းရုံးမယ့် နိုင်ငံရေးပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်တခုအတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅၁ ပါတီ နဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းမှု ၄၉၆၃ ဦးထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုမှာ ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ၁၀၁၈ ဦးဖြင့် အများဆုံးဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၆၉၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၆၇၂ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေးပါတီမှ ၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ၅၈၄ ဦး၊ ပြည်သူ့ပါတီမှ ၅၁၂ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်တခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီ မှ ၉၆၀ ဦး နဲ့ တသီးပုဂ္ဂလ မှ ၉၅ ဦး ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုတွေကို UEC က သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးမှ အောက်တိုဘာ ၄ ရက်နေ့အထိ စိစစ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။