စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို စစ်တပ် နဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ ကချင်ပြည်သူ့စစ်အဖွဲ့ တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ က ထုတ်ပြန်လာပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ကချင်အထူးဒေသ၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကော်မတီက အထူးအလေးအထား ကြိုဆိုထောက်ခံကြောင်း ဆိုပါတယ်။
ပြည်တွင်းမတည်ငြိမ်မှု ပဋိပက္ခတွေမှာ ပါဝင်နေကြတဲ့ လက်နက်ကိုင်အဖွဲ့ အသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့အနေနဲ့လည်း တိုက်ပွဲဖော်ဆောင်နေမှုတွေကို အားလုံးရပ်တန့်ပြီး စစ်ကော်မရှင် နဲ့ တွေ့ဆုံဆွေးနွေးပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်ရေးရမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုထားပါတယ်။
အဆိုပါ ယုံကြည်ချက်ကို အခက်အခဲ အကျပ်အတည်းများစွာကြားကနေ ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်ကော်မရှင်ရဲ့ လမ်းညွှန်ဦးဆောင်မှုနဲ့ အစဉ်တစိုက်ခိုင်မာစွာ ရပ်တည်လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကို အထူး ဒေသ ၁ ဖြစ်တဲ့ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ် နဲ့ ဝိုင်းမော်မြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အပြင် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီတွေ တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဦးဇခုန်တိန့်ယိန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ ၁၀၁ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဗကပ ပြိုကွဲပြီးနောက် ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K) ဟုဆိုကာ လှုပ်ရှားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ် (ကချင်ပြည်သူ့စစ်) အဖြစ် ပြောင်းလဲခဲ့ပါတယ်။
လက်ရှိမှာလည်း ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်သူ့စစ်အဖွဲ့ နဲ့ ကချင်တပ်ဖွဲ့ (KIA) ပူးပေါင်းတပ်ဖွဲ့ တို့အကြား ဝိုင်းမော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။