Home » ရှမ်းနီ နဲ့ ကတူး ချစ်ကြည်ရင်းနှီးမှုကို မပျက်အောင် သတိထားကြဖို့ လူငယ်အဖွဲ့ တိုက်တွန်း

ရှမ်းနီ နဲ့ ကတူး ချစ်ကြည်ရင်းနှီးမှုကို မပျက်အောင် သတိထားကြဖို့ လူငယ်အဖွဲ့ တိုက်တွန်း

by Homeland Author

အရင်ကတည်းက ရှိလာခဲ့တဲ့ ကတူးတိုင်းရင်းသားနဲ့ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိို မပျက်စီးအောင်လည်း နှစ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ရှမ်းနီအမျိုးသားတပ်မတော် – SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တို့ အထူးသတိထားကြဖို့ လိုအပ်တယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်က မနေ့က စက်တင်ဘာ ၁၀ ရက်မှာ တိုက်တွန်းထားပါတယ်။

ကတူးလူမျိုးက လူနည်းစု တိုင်းရင်းသားဖြစ်တဲ့အပြင် လူမျိုးပါ မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့အတွက် တိုက်ပွဲတွေကြောင့် ကျေးရွာတွေ ပျက်စီးသွားရင် ပြန်ထူထောင်ဖို့ မလွယ်ကူတာကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ကတူးတိုင်းရင်းသားတွေအပေါ် စာနာထောက်ထားပေးဖို့ ကတူးရဟန်းတော်များအဖွဲ့နဲ့ ကတူးလူငယ်များအဖွဲ့ချုပ်တို့က မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

ကတူးတိုင်းရင်းသားတွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ်နဲ့ ထိစပ်နေတဲ့ နားယကာ၊ စက်တော စတဲ့ ကတူးကျေးရွာတွေမှာ SNA နဲ့ PDF တို့ရဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာ၊ ဒရုန်းဗုံးကြဲမှုတွေကြောင့် စစ်ရေးနဲ့ မဆိုင်တဲ့ ကျေးရွာခန်းမ၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲနေထိုင်တာ၊ တိုက်ပွဲဖော်ဆောင်တာ၊ ဒရုန်းဗုံးကြဲချတာ၊ လူနေအိမ်နဲ့ ပြည်သူပိုင် အဆောက်အအုံတွေကို စစ်ရေးပစ်မှတ်ထား ဖျက်ဆီးတာနဲ့ သာသနိက အဆောက်အအုံတွေမှာ ဝင်ရောက်တပ်စွဲနေထိုင်တာတွေကို မလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

ဒါ့ကြောင့် ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့အနေနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် စာနာထောက်ထားတဲ့အနေနဲ့ ကျေးရွာတွေ မပျက်စီးအောင်၊ ပြည်သူလူထုတွေ ဒုက္ခမရောက်ဖို့အတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ကတူးရဟန်းတော်များအဖွဲ့နဲ့ ကတူးလူငယ်များအဖွဲ့ချုပ်တို့က မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

ကတူးလူမျိုးတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဝန်းသို၊ ကောလင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး တို့မှာ ရှမ်းနီလူမျိုးတွေနဲ့ ယှဉ်တွဲနေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA ထိန်းချုပ်ဒေသတွင်းသို့ ကချင်လွတ်လပ်ရေးတပ်မတော် – KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏဆိုသလို တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ဗန်းမောက်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နိုင်ရေး လုပ်ဆောင်မှုများလည်း ရှိနေကြောင်း သိရပါတယ်။

related posts

Leave a Comment