Home နိုင်ငံရေး တအာင်းပြည်ကောင်စီ ဖွဲ့စည်းမှုကို လက်မခံဟု ပြော

တအာင်းပြည်ကောင်စီ ဖွဲ့စည်းမှုကို လက်မခံဟု ပြော

by Homeland Author

ဒေသခံလူမျိုးစုတွေရဲ့ သဘောထားဆန္ဒမပါဘဲ တအာင်းအဖွဲ့အစည်းတွေ စုပေါင်းပြီး တအာင်းပြည်ကောင်စီ (TLC) ဖွဲ့စည်းမှုကို လက်ခံမှာ မဟုတ်ဘဲ အပြီးတိုင် ဆန့်ကျင်သွားမယ်လို့ သျှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက ဒီကနေ့ ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ တအာင်းအမျိုးသားပါတီ (TNP)၊ တအာင်းအရပ်ဖက်အစုအဖွဲ့တွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) တို့ဟာ တအာင်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်တယ်လို့ ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ စစ်အနိုင်တိုက်နိုင်၍ နယ်မြေအုပ်ချုပ်ရေးထူထောင်ခြင်း ဆိုသည်မှာ လက်နက်အားကိုး၍ နယ်ချဲ့ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အုပ်ချုပ်ရေး ထူထောင်မှု၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံမူရေးသားမှုဆိုရာမှာ TLC အနေဖြင့် တရုတ်အစိုးရ သို့ မကြာမီ TNLA တပ်ဖွဲ့နဲ့ တွေ့ဆုံသွားဖို့ရှိတဲ့ စစ်အစိုးရကို အားကိုးပြီး ပြည်နယ်ဖွဲ့ပုံကို အသိအမှတ်ပြုစေဖို့ ကြိုးပမ်းမှုလားဟု သံသယဝင်မိတယ်လို့ ဆိုပါတယ်။

TNLA ၊ TNP နဲ့ တအာင်းအရပ်ဖက်အစုအဖွဲ့တွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) တို့မှ တအာင်းပြည်ကောင်စီ (TLC) ဖွဲ့စည်း၍ သျှမ်းပြည်လူထု နှင့် ဒေသခံလူမျိုးစုတွေ နေထိုင်ရာ နယ်မြေဒေသတွေကို စစ်လက်နက်အားကိုး၍ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အပေါ် လုံးဝ အသိအမှတ်ပြု လက်ခံသွားမှာ မဟုတ်ဘဲ ပြင်းပြင်းထန်ထန် အပြီးတိုင် ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ TLC မှာ ဦးဆောင်ပါဝင်တဲ့ TNLA ဟာ ဒေသခံပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ မကောင်းမှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အပြင် တအာင်းအဖွဲ့အစည်းတွေ စုပေါင်းကာ မူရင်းဒေသခံ ပိုင်ရှင်ပြည်သူ နယ်မြေတွေကို အတင်းအဓမ္မ တအာင်းနယ်မြေအဖြစ် ထိန်းချုပ် သတ်မှတ်ဖို့ ကြိုးစားနေခြင်းဟာ နွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအပေါ် သစ္စာဖော်၍ သျှမ်းလူမျိုးအပါအဝင် တခြားသော ဒေသခံ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို စိန်ခေါ်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် တိုက်ဖျက်ခြင်းဟာ တခြား အာဏာရှင်စနစ်တစ်ခုကို အသက်သွင်းဖို့ မဟုတ်ဟု မိမိတို့အနေနဲ့ ယူဆကြောင်း၊ သျှမ်းပြည်ရဲ့ သမိုင်းကြောင်း၊ ဒေသခံပြည်သူတို့ရဲ့ နစ်နာချက်တွေကို မသိနားမလည်ဘဲ သျှမ်းပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ ပြည်မမှ နိုင်ငံရေးအဖွဲ့အစည်းတွေကိုလည်း ပြင်းထန်စွာ ရှုံ့ချတယ်လို့ ဆိုပါတယ်။

တအာင်းနိုင်ငံရေး ထိပ်သီးအစည်းအဝေးကြီးမှာ တအာင်းပြည်ကောင်စီ ကို တအာင်းပြည် တော်လှန်ရေးကာလမှာ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ယူခဲ့တဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) ကို တအာင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ခုကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ဖို့အတွက် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။

related posts

Leave a Comment