နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေအားလုံး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကို ထိုးစစ်ဆင် တိုက်ခိုက်မှု လုံးဝရပ်စဲဖို့ RCSS က ထုတ်ပြန်တယ်လို့ Hsan Loi Voice က ဖော်ပြပါတယ်။
အပစ်အခတ်ရပ်စဲရေးကာလကို ဒီကနေ့ မေလ ၁၆ ရက်နေ့မှ စတင်ပြီး မေ ၂၅ ရက်နေ့အထိ (၁၀) ရက်အတွင်း လုံးဝ အပစ်အခတ်ရပ်စဲရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သျှမ်းတော်လှန်ရေးနေ့ ကျင်းပမယ့်ရက် နီးကပ်လာသလို အဲဒီနေ့မှာလည်း သက်ဆိုင်ရာ အဖွဲ့အစည်းမှ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ၁၀) ရက်တာ ကာလအတွင်းမှာ တပ်ရင်း၊ တပ်ဖွဲ့တွေ အားလုံး မိမိတို့ ရောက်ရာနေရာမှာ နေထိုင်ကာ စစ်ရေးလှုပ်ရှားမှု ရပ်နားထားရမှာဖြစ်ပြီး ခုခံကာကွယ်ဖို့အတွက်သာ စီစဥ်ထားဖို့ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
သျှမ်းပြည်ရဲ့ ကံကြမ္မာ ပြိုလုနီးပါးဖြစ်နေပြီး သျှမ်းတပ်အချင်းချင်း တွေ့ဆုံ ဆွေးနွေးမှုမရှိရင် သျှမ်းပြည်သူ လူထုအနေနဲ့ ဘေးဒုက္ခမျိုးစုံ ဆက်လက်ခံစားရမှာဖြစ်တဲ့အတွက် လာမယ့် ၆၈ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့မှာ နှစ်ဖက်တပ်ဖွဲ့နဲ့ ပြည်သူလူထုတို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် မှ ဦးဆောင် စီစဥ်ထားပြီး ထုတ်ပြန်ချက် မိတ္တူကို SSPP ထံလည်း ပေးပို့ထားတယ်လို့ ဆိုပါတယ်။
