နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ လေကြောင်းကနေ ဗုံး ၂၇ လုံး နဲ့ အဆိပ်ငွေ့ဗုံး ၈ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မနေ့က ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၄ ရက် ညနေ ၆ နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျောက်ကြမ်းကျေးရွာအနီး Y-12 နဲ့ ဗုံး ၂၇ လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အလားတူ ညနေ ၇ နာရီကျော်မှာ အုမ္မတီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ အဆိပ်ငွေ့ဗုံး ၈ လုံး လာရောက်ကြဲချခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်လည်း တောင်ခမ်းကျေးရွာရှိ (၉ဝ၂) တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး ၁၅ လုံး လာရောက်ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ အပစ်ရပ်သက်တမ်းကို ဧပြီလကုန်အထိ ထပ်မံတိုးထားသော်လည်း TNLA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ TNLA က ဆိုပါတယ်။