ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ထဲ ပြန်ဝင်လာမယ့် စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က လုံခြုံရေး ယူပေးရတယ်လို့ Wa News Land က ဖော်ပြပါတယ်။
UWSA တပ်ဖွဲ့က ဟ်ိုယဂိတ်မှာ ပူးတွဲပြီး ရှေ့ပြေးလုံခြုံရေးယူပေးနေသလို ကိုးကန့်တပ် (MNDAA) ကလည်း လုံခြုံရေး ယူပေးနေတယ်လို့ သိရပါတယ်။
MNDAA အနေနဲ့ လားရှိုးမြို့ပြင်တွေဖြစ်တဲ့ မယ်ဟန်၊ အေဒီတံတား၊ ဟိုပိတ် နဲ့ မိုင်းရယ် – ဟိုယ၊ နမ့်ပေါင်တွေဘက်မှာ ပုံမှန်အတိုင်း စခန်းထိုင်မှာဖြစ်ပြီး မြို့ပြင်ကနေ ဆုတ်ခွာသွားဖို့တော့ မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မြို့ပြင်နေရာတချို့မှာလည်း MNDAA တပ်ဖွဲ့က စခန်းအသစ်ချ ထိုင်လာတာတွေရှိတယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းကစပြီး လားရှိုး – သီပေါလမ်းနဲ့ ပတ်ပတ်လည် ဂိတ်တွေဖြစ်တဲ့ မိုင်းရယ် – ဟိုယ – နောင်မွန်လမ်းတွေ ယာယီပိတ်ထားခဲ့ပြီး တချို့မှာ ပြန်ဖွင့်နေပြီ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
လက်ရှိ မူဆယ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တချို့ထဲကလည်း လားရှိုးမြို့ထဲကို အဝင်အထွက်သွားလာနေပြီး MNDAA နဲ့ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄၊ သြဂုတ်လအတွင်း လားရှိုးမြို့ကို MNDAA ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပြီး လက်ရှိမှာတော့ တရုတ်ဖိအားကြောင့် ဧပြီ ၂၁ ရက်မှာ MNDAA က လားရှိုးမြို့ပေါ်က ဆုတ်ခွာရမှာဖြစ်တယ်လို့ သိရပါတယ်။