အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ချင်းတိုင်းရင်းသားတွေကို စစ်သင်တန်းတက်ရောက်ဖို့ စည်းရုံးခေါ်ယူနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော်က အရွယ်ရောက်ပြီးတဲ့သူတိုင်း အမျိုးသမီးဆိုရင် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း နဲ့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အခြေခံစစ်သင်တန်းတက်ဖို့ သတ်မှတ်ထားတာ ရှိပါတယ်။
အရင်က စစ်သင်တန်းတက်ဖို့အတွက်ကို ပလက်ဝမှာ ရက္ခိုင်တိုင်းရင်းသားတွေကိုပဲ ခေါ်ပေမယ့် အခုကတော့ ချင်းတိုင်းရင်းသားတွေကိုလည်း ခေါ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ပေါ်ပေါ်ထင်ထင် အများအပြား ခေါ်ယူနေတာ မဟုတ်ဘဲ ပြည်သူ့စစ်ပုံစံနဲ့ ခေါ်နေတာဖြစ်ပြီး မတက်ချင်တဲ့ သူတွေလည်း များတယ်လို့ ပလက်ဝဒေသခံတစ်ယောက်က ပြောပါတယ်။
“အရင်တုန်းကတော့ ရက္ခိုင်ပေါ့။ အခုကတော့ နည်းနည်းလေး များများစားစားတော့ မဟုတ်သေးဘူး။ ချင်းတွေလည်း နည်းနည်း သူတို့တွေ ပါလာပြီ။ ရွာမှာ သူတို့ ပြည်သူ့စစ်လိုလို ဘာလိုလို ခေါ်ပြီးမှ တချို့ အဲဒီလို နည်းနည်းပဲ ရှိပါသေးတယ်။ အများကြီးတော့ သူတို့ ပေါ်ပေါ်ထင်ထင် မလုပ်သေးဘူး။ တချို့ကတော့ မတက်ချင်တာ ရှိတယ်။ ဒါပေမယ့် ဒါကတော့ ပြည်သူ့စစ်လို ကိုယ့်ရပ်ကိုယ့်ရွာလို ပြောပြီးမှ တက်စေချင်တာပေါ့။ တချို့တွေက ဝန်ထမ်းတွေ၊ တချို့က မတက်ချင်တာ၊ တချို့က အမျိုးမျိုး မတက်ချင်တဲ့သူတွေတော့ ရှိတာပေါ့။ မတက်ချင်တဲ့သူတွေတော့ အများကြီးပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ ပလက်ဝကို AA က ထိန်းချုပ်ထားပြီး စည်းရုံးရေး ကောင်းမွန်တာကြောင့် ပလက်ဝမှာရှိတဲ့ ချင်းတိုင်းရင်းသား ဒေသခံတွေနဲ့ သင့်မြတ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပလက်ဝဒေသခံတစ်ယောက်က “သူတို့ဘက်က စည်းရုံးရေး တော်ပါတယ်။ စည်းရုံးရေးတော်တော့ တချို့ ပြည်သူ့စစ်တွေမှာလည်း ချင်းတွေ လူကြီးတွေ ထည့်တယ်ဆိုတော့ သင့်မြတ်အောင်တော့ သူတို့နေတယ်။ နောက်ပြီးတော့ ကျနော်တို့ ပလက်ဝက အခုချိန်ဆိုရင်တော့ ချင်းလက်နက်ကိုင်တွေ မရှိတော့ သင့်မြတ်အောင် သူတို့နေတယ်၊ ပေါင်းတယ်၊ အဲဒီလိုတော့ အတိုက်အခံတော့ မရှိဘူး။ အတိုက်အခံလည်း မလုပ်ဘူးပေါ့” လို့ ပြောပါတယ်။
စစ်သင်တန်းတက်ရောက်ဖို့အတွက်ကို ပလက်ဝအပြင်ဘက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်နဲ့ ရန်ကုန်လို နေရာတွေကို ရောက်နေကြတဲ့ ချင်းတိုင်းရင်းသားတွေအနေနဲ့ ပြန်လာဖို့ ပြောနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် အဲဒီလူတွေက ပြန်လာဖို့ အဆင်မပြေနိုင်သလို ပလက်ဝရောက်ရင်လည်း စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါတာကြောင့် အခက်အခဲဖြစ်နိုင်တယ်လို့လည်း ထောက်ပြကြပါတယ်။