Home စစ်ရေး လားရှိုးကို စစ်ကောင်စီပြန်ရရင် ဘာဆက်ဖြစ်လာနိုင်သလဲ

လားရှိုးကို စစ်ကောင်စီပြန်ရရင် ဘာဆက်ဖြစ်လာနိုင်သလဲ

by Homeland Author

စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) ရှိတဲ့ လားရှိုးမြို့ကနေ ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့တွေ ဆုတ်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ လားရှိုးမြို့ကို လက်ရှိမှာ MNDAA က တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်ကောင်စီကို အုပ်ချုပ်ခွင့်ပေးမယ်လို့လည်း လာရှိုးဒေသခံတွေထံကနေ သိရပါတယ်။

ပြီးတော့ လားရှိုးထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ လုံခြုံစိတ်ချစေဖို့အတွက် လားရှိုးကနေ ထွက်ခွာကြဖို့ MNDAA က အသိပေးထားတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီက ပြန်ဝင်ရောက်ခွင့် ရသွားမယ်ဆိုရင် TNLA သိမ်းပိုက်ထားတဲ့ ဒေသတွေ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးပိုကြဲလာနိုင်ပြီး စစ်ရိက္ခာတွေလည်း အလွယ်တကူ ဖြည့်လို့ ရသွားနိုင်တယ်လို့ ကျောက်မဲဒေသခံတစ်ယောက်က ပြောပါတယ်။

“လားရှိုးကိုလည်း အခုကြားနေတာက ဘာကြားနေလဲဆိုရင် လူတွေပြောနေတဲ့စကားပါ။ သတင်းကတော့ တိကျခိုင်လုံတဲ့ သတင်းအနေနဲ့တော့ ထုတ်ပြန်ကြေညာချက်မျိုး မဟုတ်ဘဲနဲ့ ကြားနေရတာက လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ပဲ ပြန်လွှဲမယ်။ မြို့ပေါ်ပတ်ဝန်းကျင် ၁၀ ရပ်ကွက် မြို့ပေါ်ရပ်ကွက်ကြီးကလွဲရင် ရပ်ကွက် ၁၂ ခု ရှိတယ်ပြောတယ်။ အဲဒီ ၁၂ ရပ်ကွက်ကလွဲရင် ကျန်တဲ့နေရာ မပေးဘူး။ ဆိုရင် စစ်တပ်က ဘယ်ကြိုက်မလဲ။ သူ့အနားကပ်နေတဲ့ နေရာမှာ သူတို့က ဝိုင်းခံထားရသလို ဖြစ်နေမှာပေါ့။ ဒါလည်း စစ်ရေးအရပြောမယ်ဆိုရင် မှန်ပါတယ်။ အကယ်၍သာ အဲဒီလိုမြို့ပေါ် ၁၂ ရပ်ကွက်ကိုပဲ ပေးတာကို လက်ခံလိုက်ရင် သူတို့ လေယာဉ်ကွင်း ရသွားပြီလေ။ လေယာဉ်နဲ့ ရိက္ခာတွေ ဖြည့်လို့ရပြီ၊ လက်နက်ခဲယမ်းတွေ၊ လူတွေ ဖြည့်လို့ရတယ်။ အဲတော့ လားရှိုးကနေ အခြေချပြီဆိုရင် သီပေါနဲ့ ကျောက်မဲ၊ နောင်ချို မလွယ်တော့ဘူး။ သူ တိုက်တော့မှာလေ။ အဲဒီလိုပဲ ကျောက်မဲနယ်ဘက်ကို ကြည့်တော့မယ်ဆိုရင် ကျောက်မဲနယ်ကနေပြီးတော့ မိုင်းငေါတို့၊ နမ့်ဆန်တို့၊ ပလောင်ဒေသတွေ၊ မန်တုံတို့၊ နမ္မတူတို့ အဲဒီကနေ တိုက်သွားလို့ ရပြီလေ။ လေယာဉ်ပျံနဲ့ ဗုံးကြဲမယ်၊ လားရှိုးကနေပြီးတော့ လေယာဉ်နဲ့ တက်လိုက်၊ ဆင်းလိုက်၊ ဗုံးကြဲလိုက် ဒီလိုဆိုရင် ပိုတောင်မှ သူက ကြိုက်အုံးမယ်” လို့ ပြောပါတယ်။

လားရှိုးမြို့ကနေ MNDAA က ဆုတ်ခွာသွားမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေ၊ ရှမ်းမြောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသခံပြည်သူတွေအတွက် ထိခိုက်မှုတွေ များလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာတဲ့သူတွေက ထောက်ပြကြပါတယ်။

ဘာကြောင့်လဲဆိုတော့ လားရှိုးမြို့က ရှမ်းပြည်တခွင်လုံးကို အုပ်ချုပ်ဖို့အတွက်သာမက မြန်မာတပြည်လုံးအတွက် အရေးကြီးတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်တိုင်းဌာနချုပ်တွေထဲမှာ တတိယအရေးကြီးဆုံးမြို့ဖြစ်နေတာကြောင့် ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောပါတယ်။

“အဲဒါကတော့ အများကြီး တော်လှန်ရေးကို ထိခိုက်နစ်နာနိုင်တာပေါ့။ အဲဒီဟာကို အစားထိုးပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့နေရာမှာတော့ NUG ကတော့ လုံးဝ သုံးစားလို့မရဘူး။ TNLA ကို ဝန်ပိကျမယ်။ နောက်တစ်ခါ KIA အပေါ်မှာလည်း ကျမှာပဲ။ ကယားပေါ်မှာလည်း ကျမှာပဲ။ လားရှိုးက စစ်တပ်မဟာဗျူဟာအရ အဲဒီနေရာက မြန်မာတပြည်လုံး စစ်တိုင်းတွေမှာ တတိယအရေးကြီးဆုံးလေ။ ပထမအရေးကြီးဆုံးက မန္တလေးပေါ့။ ဒုတိယကတော့ ရန်ကုန်ပေါ့။ နေပြည်တော်တောင် ဒီလောက်မဟုတ်ဘူး။ စစ်တိုင်းထဲမှာ တတိယအရေးကြီးဆုံးနဲ့ အင်အားအကောင်းဆုံးတိုင်းလို့ သူတို့ သတ်မှတ်ထားတာလေ ရှမ်းပြည်တခွင်လုံး အုပ်ချုပ်ဖို့ဆို။ အဲဒါကြောင့်မို့လို့ လားရှိုးကို ပြန်ပေးရတယ်ဆိုတော့ အကြီးအကျယ် ထိခိုက်နစ်နာမှာ သေချာတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက အုပ်ချုပ်မှာဖြစ်လို့ MNDAA အနေနဲ့ ဧပြီ ၂၁ ရက်နေ့မှာ အပြီး ဆုတ်ခွာရမည်ဖြစ်ပြီး လားရှိုးမြို့ပြင်ကို MNDAAက အထူးဒေသ ၁ အဖြစ် ဆက်လက်ထိန်းချုပ်ထားမှာ ဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းကာလ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကိုးကန့်တပ်မတော် MNDAA က လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment