စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ ဇန်နဝါရီ ၁၅ ရက်က ကျင်းပတဲ့ နာဂနှစ်သစ်ကူးပွဲတော်ကို မြန်မာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့အတူ ကောင်စီအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါက်တာမှုထန်၊ ဦးခင်မောင်ရီ၊ ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
နာဂဒေသဟာ တည်ငြိမ်အေးချမ်းတဲ့ဒေသဖြစ်တဲ့အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ရန်ဘုံငွေနဲ့ လုပ်ငန်း ၈၂ ခု၊ တိုင်းဒေသကြီးခွင့်ပြုရန်ဘုံငွေနဲ့ လုပ်ငန်း ၁၅၈ ခုကို နာဂဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။
ဆူပူမှု မရှိတဲ့ ဒေသတွေဟာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးတွေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပြီး လူမှုစီးပွားတိုးတက်မှုတွေ အစဉ်တိုးတက်နေမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် နာဂဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို အမြဲထိန်းသိမ်းဖို့ လိုအပ်ပြီး နာဂလူမျိုးတွေ၊ ဒေသတွင်းနေ အခြားတိုင်းရင်းသားတွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နဲ့ လူမှုရေးကိစ္စရပ်တွေ စဉ်ဆက်မပျက် တိုးတက်အောင် ဆောင်ရွက်ဖို့ ဒေသတွင်းနေ ပြည်သူတွေမှာ တာဝန်ရှိတယ်လို့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေရှီး၊ လဟယ် နဲ့ နန်းယွန်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားပါတယ်။
နာဂဒေသဟာ မြန်မာနိုင်ငံအတွင်းရှိ အဆင်းရဲ့ဆုံး ဒေသတွေထဲက တစ်ခု အပါအဝင်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသလည်း ဖြစ်ပါတယ်။
See translation

