Home နိုင်ငံရေး ထောင်ဖောက်ပြေးတဲ့ တရားခံကို SNA ညတွင်းချင်း ပြန်ဖမ်းမိ

ထောင်ဖောက်ပြေးတဲ့ တရားခံကို SNA ညတွင်းချင်း ပြန်ဖမ်းမိ

by Homeland Author

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၉၇၂ နယ်မြေ လွင်ဦးကျေးရွာဘက်မှာ မနေ့က မတ်လ ၁၆ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ SNA ဖမ်းဆီးထိန်းသိမ်းထားတဲ့ တရားခံ အကျဉ်းထောင်သားတစ်ဦး ဖောက်ပြေးမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အကျဉ်းထောင်သား တရားခံဟာ အကျဉ်းအချုပ်စခန်းကို ဖောက်ပြေးပြီး ဥရုချောင်းတစ်ဖက်ကကမ်း နမ့်တောဖက်ကို ရေကူးထွက်ပြေးသွားချိန်မှ SNA ဘက်မှ သေနပ်ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း သိထားရပါတယ်။

“ညက ဟိုဘက်ကမ်းက လွင်ဦးဘက်က တရားခံထွက်ပြေးလို့ လိုက်ဖမ်းကြတာ။ ဟိုဘက်ကမ်းက လေးချက် ပစ်ဖောက်တယ်။ အဲဒါနဲ့ ဒီဘက်ကမ်း ၇၅၃ တပ်သားတွေလည်း လေးငါးချက် ပြန်ပစ်ဖောက်တယ်။ အဲဒါ ချောင်းကူးနေတာ တရားခံက။ ပြန်လှည့်မလာရင် ဟိုဘက်ကမ်း ဒီဘက်ကမ်း အတွဲလိုက်အော်တိုနဲ့ ညှပ်ပြီးပစ်မလို့” လို့ SNA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ တရားခံကို SNA တပ်ဘက်မှ ဘယ်လိုအမှုနဲ့ ဖမ်းဆီးထားတာကို မသိရသေးပေမယ့် နီးစပ်သူတွေရဲ့ ပြောပြချက်အရ တရားခံဟာ လွတ်ရက်နီးမှ ထွက်ပြေးဖို့ကြိုးစားတာကြောင့် ထပ်မံအပစ်ပေးမှုတွေ ခံရနိုင်တယ်လို့လည်း ဆိုပါတယ်။

နမ့်တောမြို့တွင်း လက်နက်ကိုင်တပ်ဖွဲ့ဘက်မှလည်း သေနပ်ဖောက်ပြီး အပြန်အလှန် အချက်ပြပစ်ခတ်မှုတွေရှိခဲ့တာကြောင့် နမ့်တောမြို့တွင်း သွားလာနေတဲ့ပြည်သူတွေ ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။

ဥရုချောင်းတစ်ဖက်ကမ်း နောင်ပတ်၊ လွင်ဦး၊ ထိန်ကုန်းစတဲ့ဒေသတွေဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၉၇၂ နယ်မြေဖြစ်ပြီး နမ့်တောဖက်ခြမ်းကတော့ SNA တပ်မဟာ ၇၅၃ နယ်မြေဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment