Home စစ်ရေး TNLA နဲ့ KIA တို့ နယ်မြေအငြင်းပွားမှု ဖြေရှင်းနိုင်ရေး ကူညီဖို့ အသင့်ရှိဟု NUG ပြော

TNLA နဲ့ KIA တို့ နယ်မြေအငြင်းပွားမှု ဖြေရှင်းနိုင်ရေး ကူညီဖို့ အသင့်ရှိဟု NUG ပြော

by Homeland Author

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား နယ်မြေအငြင်းပွားမှုကို ဖြေရှင်းနိုင်ရေး ကူညီဖို့ အသင့်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ မတ်လ ၁၄ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးစုများအားလုံးဟာ တမြေတည်းနေ တရေတည်းသောက်လျက် အတူယှဉ်တွဲနေထိုင်ခဲ့သူတွေ ဖြစ်ရုံမက၊ တော်လှန်ရေးအဆက်ဆက် လူမျိုးစု တခုနဲ့တခု ကူညီရိုင်းပင်းလျက် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး အလို့ငှာ ဘုံရန်သူကို လက်တွဲတိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်မှာ ဖြစ်ပေါ်လျက်ရှိတဲ့ နယ်မြေအငြင်းပွားမှုအချို့ ကြောင့် ဒေသခံပြည်သူတွေ သာမက နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူလူထုတရပ်လုံး အကြားမှာ စိုးရိမ်ပူပန်မှုုတွေဖြစ်ပေါ်လျက်ရှိတာကို တွေ့ရှိတယ်လို့ NUG က ဆိုပါတယ်။

မိမိတို့တော်လှန်ရေးအဖွဲ့ အစည်းအားလုံးဟာ ပြည်သူလူထုရဲ့ လိုလားဆန္ဒကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေကြသူတွေပီပီ ပြည်သူတွေရဲ့ စိုးရိမ်သောကတွေ လျော့ကျစေရေး ဖြေလျော့ဆောင်ရွက်ပေးဖို့လည်း အထူးတာဝန်ရှိတဲ့အလျောက် နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက မိတ်ဖက်ပဋိပက္ခတွေအဖြစ်သာ ရှုမြင်ကြောင်း နဲ့ နိုင်ငံရေးနည်းသာ ဖြေရှင်းမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချမှတ်ထားကြကြောင်းကို ကြားသိရတဲ့အတွက် အထူးကြိုဆိုတယ်လို့ ပြောပါတယ်။

အဖက်ဖက်ကအင်အားချိနဲ့ အရေးနိမ့်လျက်ရှိတဲ့ စစ်ကောင်စီအဖို့ တော်လှန်ရေး အင်အားစုတွေအကြား သပ်လျှိုသွေးခွဲရေးဟာ ၎င်းတို့ရဲ့ အဓိကဗျူဟာ ဖြစ်လာတယ်ဆိုတဲ့ အချက်ကိုလည်း မိမိတို့ အားလုံး သတိပြုပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ နယ်မြေအငြင်းပွားမှုဟာ လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွား စေဖို့အတွက် နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်တွေအနေနဲ့ ထိန်းကျောင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း နှစ်ဖက်မျက် နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းရင် ပြဿနာအများစု အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မယ်လို့ နားလည်ကြောင်း ပြောပါတယ်။

မိမိတို့အားလုံးဟာ ပြည်သူကို အဓိကထား၍ တိုင်တည်ဆောင်ရွက်ကြတဲ တော်လှန်ရေးအဖွဲ့အစည်းတွေ ဖြစ်သည့် အားလျော်စွာ ပြည်သူကို မျက်နှာမူတဲ့ နည်းနာတွေဖြင့်သာ မိမိတို့ရဲ့ ကြုံတွေ့နေရတဲ့ အခက် အခဲတွေကို ရင်ဆိုင်ကျော်လွှား နိုင်မှာဖြစ်သလို ပြည်သူက လိုလားတောင့်တလျက်ရှိတဲ့ ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ကို အရောက်ချီတက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံရေးကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြရာမှာ NUG အနေနဲ့ လိုအပ်သလို ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင် နဲ့ မန်တုံတို့မှာ TNLA နဲ့ KIA တပ်ဖွဲ့အကြား နယ်မြေအငြင်းပွားမှု ပဋိပက္ခတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

အဆိုပါ ပဋိက္ခကို နှစ်ဖက်ခေါင်းဆောင်တွေက ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေသည့်တိုင် ပြေလည်နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

related posts

Leave a Comment