ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးသွားတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ဒီကနေ့ မတ်လ ၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရိူးမြို့ မိုင်းယော်တိုက်နယ် နားပင်းကျေးရွာရှိ ရှင်လောင်းပွဲမှာ နန်းယိင်းဟွမ်ကို ဖခင်ဖြစ်သူ နဲ့ သူငယ်ချင်းဖြစ်သူရှေ့မှာ MNDAA က လာရောက်ဖမ်းဆီးခေါ်ဆောင် သွားတာပါ။
အခုလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အပြုအမူဟာ တရားမဲ့ ပြုကျင့်တဲ့ အပြုအမူလို့ ယူဆကြောင်း ဒါ့အပြင် အတူနေ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေနိုင်တယ်လို့ ဆိုပါတယ်။
အပြစ်မဲ့ပြီး မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေရမယ့် အသက်မပြည့်သေးတဲ့ နန်းယိင်းဟွမ်ရဲ့ ကျန်းမာရေး နဲ့ စိတ်ဒဏ်ရာအတွက် စိုးရိမ်ရတာကြောင့် ဖမ်းဆီးခံထားရတဲ့ နန်းယိင်းဟွမ်ကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ MNDAA တာဝန်ရှိ ပုဂ္ဂိုလ်တွေကို တောင်းဆိုတယ်လို့ ထုတ်ပြန်ပါတယ်။
အလားတူ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေကလည်း MNDAA ဖမ်းဆီးထားတဲ့ နန်းယိင်းဟွမ်ကို ပြန်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။