“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) က အခုနှစ် ၂၀၂၅ မှာ အဓိက လုပ်ဆောင်မယ့် အချက် ၉ ချက်ကို ချမှတ်ရေးဆွဲခဲ့တယ်လို့ Wa News Land က ဖော်ပြပါတယ်။
ပန်ဆန်းမြို့မှာ ဖေဖော်ဝါရီ ၁၀ ရက်အထိ ၅ ရက်ကြာ ကျင်းပတဲ့ UWSA ရဲ့ ၂၀၂၄ ခုနှစ် ဗဟိုလုပ်ငန်း နှစ်ချုပ် အစည်းအဝေးမှာ အဲဒီ လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
UWSA အဓိက လုပ်ဆောင်မယ့် အချက် ၉ ချက်မှာ နိုင်ငံရေး စနစ်ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် အကောင် အထည်ဖော်တာ၊ မန်ဆိုင် သတ္တုတွင်း ပြန်လည်ဖွင့်လှစ်တာ၊ လွှတ်တော်အတွင်း လွှတ်တော်အကြီးအကဲတွေ၊ တရားမဝင် လုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ထိန်းချုပ်စိစစ်တာ၊ နိုင်ငံခြား ဆက်ဆံရေးကို တိုးမြှင့်ခြင်းတာ၊ သဘာဝစွမ်းအင်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တိုးမြှင့်တာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် “တရုတ်-မြန်မာ စီးပွားရေး လမ်းကြောင်း” ကို အသုံးပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားဖြည့်တာ၊ စိုက်ပျိုးရေး လုပ်ငန်းတွေကို မြှင့်တင်ပြီး တောင်သူတွေရဲ့ ဝင်ငွေ တိုးမြှင့်တာ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်တာ၊ ကျန်းမာရေးစနစ် တိုးတက်စေဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တာ စတဲ့အချက်တွေကို ချမှတ်ရေးဆွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

UWSA ၏ အထွေထွေ အတွင်းရေးမှူးချုပ် ပေါင်းအိုက်ခမ်းက “နိုင်ငံတော်ရဲ့ ရည်ရွယ်ချက်ကို မှန်ကန်စွာ၊ တိကျစွာ ဆောင်ရွက်ဖို့၊ ၂၀၂၅ ခုနှစ်မှာ စိန်ခေါ်မှုတွေ ရှိသော်လည်း တိုင်းပြည်နဲ့ ပြည်သူတို့အတူတကွ အားတင်းပြီး အနာဂတ်ကို တည်ဆောက်သွားမယ်” လို့ ပြောကြားကြောင်း Wa News Land က ဖော်ပြပါတယ်။
အဆိုပါ အစည်းအဝေးကို အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယိုချမ်း၊ ဒုစစ်ဦးစီးချုပ် ဦးကျောက်ကျုံတန်၊ ဒုဥက္ကဌ ပြင်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကော်အန်း၊ ဒုဥက္ကဌ ဘဏ္ဍာရေးဌာနမှူး ဦးပေါက်ယိုလျန်း၊ ဒုဥက္ကဌ ဦးလော်ယာကု၊ ဒုအထွေထွေ အတွင်းရေးမှူးချုပ် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ပေါက်အိုက်ခမ်းအပြင် အခြားသော ဌာနမှ အရာရှိတွေလည်း တက်ရောက်ကြပါတယ်။
ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း နဲ့ ပန်ဆန်းမြို့နယ်များကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ပေးထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA-TNLA-MNDAA တို့ ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့ သိမ်းပိုက်ခဲ့တဲ့ ဟိုပန်မြို့ နဲ့ ပန်လုံမြို့ကိုလည်း UWSA ၏ အုပ်ချုပ်မှုအောက်မှာ ထည့်သွင်းခဲ့ပါတယ်။