နာဂဒေသမှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်း မပြုလုပ်ဖို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K/AngMai) က ဖေဖော်ဝါရီ ၇ ရက်မှာ စာထုတ် သတိပေးပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နဲ့ ခရီးသွားနေတဲ့ ပြည်သူတွေကို မိမိဆန္ဒမပါဘဲ တပ်သားသစ်အဖြစ် ဖမ်းဆီးပြီး စုဆောင်းနေတာဟာ နိုင်ငံရေးဦးတည်ချက် (၄) ရပ်ပါ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးဟူသော အချက်ကို ဖျက်ဆီးရာ ရောက်တယ်လို့ ဆိုပါတယ်။
မိမိတို့ NSCN – K/AngMai ငြိမ်းချမ်းရေးအဖွဲ့က နိုင်ငံတော်က ပြဌာန်းထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ကန့်ကွက်ခြင်း မရှိကြောင်း ပြောပါတယ်။
သို့သော်လည်း အတင်းအဓမ္မဖမ်းဆီးခြင်းကြောင့် ပြည်သူတွေ ထိတ်လန့်မှု ဖြစ်ရုံသာမက ရပ်ရွာမတည်ငြိမ်အောင် လုပ်ဆောင်ရာ ရောက်တာကြောင့် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်း လုံးဝ မပြုလုပ်ဖို့ သတိပေး အကြောင်းကြားတယ်လို့ ဆိုပါတယ်။