သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာမှာ စက်တင်ဘာ ၂၄ ရက်နေ့က စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ သျှမ်းကျောင်းသားသမဂ္ဂမှ မနေ့က စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့ပြီး သူမရဲ့ မိသားစုဝင် ၂ ဦး နဲ့ သံဃာတော်တစ်ပါးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်နီးပါး တိုက်ပွဲရှောင်သွားပြီဖြစ်တဲ့ နားအိုက်ခန့်ကျေးရွာသို့ စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်အချို့ ရောက်လာပြီး ကျေးရွာမှာ ကျန်းမာရေးမကောင်းသည့် ဆရာတော်ကို ပြုစုဖို့ ကျန်ရစ်ခဲ့သူ သံဃာတော်တစ်ပါးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အနီးအနားရှိ လယ်တဲတွေမှာ တိမ်းရှောင်နေတဲ့ မိသားစု ၃ ဦးမှာ မိခင်ဖြစ်သူ နဲ့ သားငယ်ကို နေရာမှာပဲ ပစ်သတ်ကာ အသက်မပြည့်သေးတဲ့ သမီးဖြစ်သူ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ မိသားစု ၃ ဦးနေထိုင်တဲ့ လယ်တဲထဲမှာ မြန်မာစစ်တပ်ရဲ့ ယူနီဖောင်းကျန်ရစ်ခဲ့တာကိုလဲ တွေ့ရတယ်လို့ သျှမ်းကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူဟာ အသက် ၁၆ နှစ်အရွယ်ဖြစ်ပြီး သူမနဲ့အတူ သတ်ဖြတ်ခံခဲ့ရတဲ့ မိခင်မှာ ၄၈ နှစ်၊ မောင်လေးဖြစ်သူမှာ ၁၂ နှစ်အရွယ် ဖြစ်ကြတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ရဲ့ တပ်သား နှစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ပြီးနောက် ဖုန်း နဲ့ ပိုက်ဆန်တွေကို ယူဆောင်သွားကြောင်း၊ ၎င်းတို့ရဲ့ စစ်ဝတ်စုံတွေကို ချွတ်ထားခဲ့ပြီး အရပ်ဝတ်ဖြင့် ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခုလို အပြစ်မဲ့ပြည်သူတွေကို စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ် နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ အရေးယူပေးဖို့ ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို သျှမ်းကျောင်းသားသမဂ္ဂမှ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်ကောင်တွေကို ရရာနည်းဖြင့် အပြစ်ပေးအရေးယူသွားနိုင်ဖို့ မိမိတို့အနေဖြင့်လည်း ကူညီပေးသွားမှာဖြစ်တယ်လို့ သျှမ်းကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ကြေညာထားပါတယ်။