Home » ထားဝယ်ရေဘေး သေဆုံးသူ ၃၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၀၀ အထက်ရှိနိုင်ဟု ဆို

ထားဝယ်ရေဘေး သေဆုံးသူ ၃၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၀၀ အထက်ရှိနိုင်ဟု ဆို

by Homeland Author

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် သေဆုံးသူ ၃၀ ဦးနဲ့ ပျောက်ဆုံးနေသူ လူဦးရေ ၁၀၀ နဲ့အထက်မှာ ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေမှာ ရေလွှမ်းမိုးမှုတွေနဲ့ တောင်ပြို၊ မြေပြိုမှုတွေကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထောင်နဲ့ချီတဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့သလို မနေ့က စက်တင်ဘာ ၂၉ ရက်၊ ညနေပိုင်းအထိ စာရင်းတွေအရ သေဆုံးသူ ၃၀ ဦးခန့်ရှိပြီး ကျား၊ မ အတိအကျ ခွဲခြားနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ထို့ပြင် ပျောက်ဆုံးသူမှာလည်း ခန့်မှန်းခြေ ၁၀၀ နဲ့ အထက်မှာရှိပြီး မြေပြင် အနေအထားအရ ပျောက်ဆုံးတဲ့ လူဦးရေက ပိုများနိုင်ကြောင်း၊ တနင်္သာရီတိုင်းအတွက် ကူညီကယ်ဆယ်ရေး လာရောက်သူတွေအနေနဲ့ အမှန်တကယ် လိုအပ်တဲ့နေရာတွေကိုသာ ကူညီပေးဖို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) DDMSC ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက ဆိုပါတယ်။

“လက်ရှိ လောင်းလုံးမှာ ရေတော့ မကြီးတော့ဘူး။ မြေပြိုထားတော့ ပိနေတဲ့လူတွေလည်း အများကြီးရှိတယ်။ မြေပြိုတဲ့လူတွေကို ကယ်ဆယ်ကူညီရေးတွေ လုပ်နေတယ်။ လမ်းကကျ တောင်ပြိုတော့ ကားလမ်းမကြီးတစ်လျှောက်မှာ မြေပြိုကျတာရှိတော့ အဲ့ဒီလမ်းတွေက အခုထိ အပြီးအစီး ဖယ်ရှားနိုင်တဲ့ အနေအထား မရှိသေးဘူး။ အလှူရှင်တွေ၊ ပရဟိတတွေအနေနဲ့ တအား မလောဖို့ပေါ့နော်။ ကျနော်တို့က တကယ် အခက်အခဲဖြစ်နေတဲ့ ဒေသတွေက ဆက်သွယ်ရခက်ခဲတဲ့ အနေအထားပေါ့နော်။ ဒီဆက်သွယ်ရေး လွယ်ကူတဲ့နေရာတွေကိုပဲ အများကြီး ရောက်သွားမှာမျိုး စိုးရိမ်ချက် ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒေသတွင်းက အဖွဲ့အစည်းတွေနဲ့ပဲ သေချာဆက်သွယ်ပြီးမှပဲ ဝိုင်းကူပေးကြဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်” လို့ ကိုဘွန်းက ပြောပါတယ်။

လက်ရှိမှာတော့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီနေပြီး ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှ ကယ်ဆယ်ရေးအဖွဲ့တွေလည်း လာရောက်ကူညီမယ်လို့ DDMSC ထံမှ သိရပါတယ်။

ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲအရ နေရာတိုင်းကို ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါ ရေကြီးမြေပြိုမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲစွာလုပ်ဆောင်နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

related posts

Leave a Comment