သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) မှ တပ်ဖွဲ့ဝင်တွေ ၎င်းတို့ရဲ့ မိသားစုတွေနဲ့အတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ Tai Freedom က ဖော်ပြပါတယ်။
ဩဂုတ် ၂၇ ရက်နေ့မှာ PNLO မှ တပ်ဖွဲ့ဝင်တွေဟာ မိသားစုဝင်များအပါအဝင် စုစုပေါင်း လူဦးရေ ၇၈ ဦးဖြင့် လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
RCSS/SSA တာဝန်ရှိသူတွေက ဝမ်းမြောက်စွာ ကြိုဆိုလက်ခံခဲ့ကြပြီး ပူးပေါင်းလာသူ တစ်ဦးကို ၅ သိန်းကျပ်နှုန်းဖြင့် ၇၈ ဦးလုံးအတွက် ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အားပေးစကားတွေ ပြောကြားခဲ့ပြီး ၎င်းတို့ရဲ့ ဆန္ဒသဘောထားတွေကိုလည်း မေးမြန်းစုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။
RCSS/SSA တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ အဖွဲ့အစည်းဘက်က နွေးထွေးစွာ ကြိုဆိုပြီး PNLA တပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင် ၇၈ ဦးလုံးကို တစ်ဦးကို ကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့ပါတယ်။ ၎င်းတို့ရဲ့ ရှေ့ဆက်နေထိုင်လိုတဲ့ ဆန္ဒကို မေးမြန်းရာမှာတော့ စစ်ပွဲတွေနဲ့ ဘယ်အဖွဲ့အစည်းမှာမှ မပါဝင်ချင်တော့ဘဲ နေရပ်ပြန်ကာ အေးချမ်းစွာ ဝမ်းစာရှာဖွေ စားသောက်လိုကြောင်း ပြောဆိုတာကြောင့် ၎င်းတို့ တောင်းဆိုတဲ့အတိုင်း နေရပ်ပြန်ခွင့်ပြုခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့ရဲ့ ဆီဆိုင်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ပအိုဝ်းတိုင်းရင်းသား အများစုပါဝင်တဲ့ စစ်ရှောင်တွေဟာ RCSS ထိန်းချုပ်နယ်မြေအတွင်းသို့ လာရောက်ခိုလှုံခဲ့ကြပြီး RCSS တာဝန်ရှိသူတွေကလည်း ၎င်းတို့ရဲ့ စားဝတ်နေရေးကို ကူညီစောင့်ရှောက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
PNLA တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ RCSS ထံ ပူးပေါင်းသွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး PNLO/PNLA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ဟာ တစ်နိုင်ငံလုံးပစ်ခတ်ရပ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်ပါတယ်။





