Home » ဦးမင်းအောင်လှိုင်အစိုးရအဖွဲ့ဖြင့် ပူးပေါင်းခြင်း မပြုဖို့ TNLA ကို တအာင်းအဖွဲ့ပြော

ဦးမင်းအောင်လှိုင်အစိုးရအဖွဲ့ဖြင့် ပူးပေါင်းခြင်း မပြုဖို့ TNLA ကို တအာင်းအဖွဲ့ပြော

by Homeland Author

တအာင်းတပ်ဖွဲ့ (TNLA) အနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်နဲ့ ပူးပေါင်းဆက်သွယ်ခြင်း မပြုလုပ်ဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) တောင်းဆိုလိုက်ပါတယ်။

TNLA အနေနဲ့ ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ကို ဂုဏ်ပြုကြောင်း၊ မြန်မာစစ်တပ်နဲ့အတူ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်မှာ အပစ်အခတ် ရပ်စဲရေး ကတိကဝတ်တွေကို ဆက်လက်ထိန်းထားပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ မျှော်လင့်ထားတယ်လို့ TNLA က ဧပြီ ၁၅ ရက်မှာ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဦးမင်းအောင်လှိုင်ကို TNLA မှ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) နဲ့ တအာင်းပြည်သူလူထုတို့ရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ ရပ်တည်ချက်နှင့် လုံးဝ(လုံးဝ) ဆန့်ကျင်ကွဲလွဲနေတယ်လို့ ပြောပါတယ်။

လက်ရှိ TNLA ခေါင်းဆောင်တွေ ရင်ဆိုင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကို ကိုယ်ချင်းစာ နားလည်ပေးနိုင်သော်လည်း ဦးမင်းအောင်လှိုင်ကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခြင်းသည် TNLA ရဲ့ အခြေအနေအရ နိုင်ငံရေးရပ်တည်ချက်သာဖြစ်ပြီး TCSN နဲ့ ပြည်သူတွေရဲ့ နိုင်ငံရေး ရပ်တည်ချက် မဟုတ်ကြောင်း အသိအလင်းပြောကြားလိုတယ်လို့ ဆိုပါတယ်။

လက်ရှိ တအာင်းဒေသအတွင်း တာဝန်ထမ်းဆောင်နေတဲ့ CDM တွေ၊ တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေနဲ့ ဒဏ်ရာရနေတဲ့ ရဲဘော်များအပါအဝင် ပြည်သူလူထုတွေရဲ့ မျက်နှာကို ထောက်ထားပြီး တော်လှန်ရေး လမ်းကြောင်းပေါ်မှာ မားမားမတ်မတ် ပြန်လည်ရပ်တည် ပေးဖို့ တောင်းဆိုထားပါတယ်။

ဦးမင်းအောင်လှိုင်အဖွဲ့များနှင့် ပူးပေါင်းဆက်သွယ်ခြင်းနဲ့ ဂုဏ်ပြုခြင်းကိစ္စရပ်တွေကို ချက်ခြင်း ရပ်တန့် ပေးဖို့၊ ပြည်သူတွေနဲ့ ယုံကြည်မှုတွေကို ပြန်လည် တည်ဆောက်ပြီး မတူကွဲပြားမှုမှ ငြိမ်းချမ်းသည့် လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်သွားဖို့ TNLA ကို တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) တောင်းဆိုထားပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment