Home စစ်ရေး TNLA ကို နယ်မြေအချို့ ပေးပြီး သိမ်းထားတဲ့ မြို့တွေနဲ့ အပေးအယူလုပ်လာနိုင်

TNLA ကို နယ်မြေအချို့ ပေးပြီး သိမ်းထားတဲ့ မြို့တွေနဲ့ အပေးအယူလုပ်လာနိုင်

by Homeland Author

စစ်ကောင်စီက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ တချို့နယ်မြေတွေကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေပေးပြီး တချို့မြို့တွေနဲ့ အပေးအယူ လုပ်လာနိုင်ခြေ ရှိနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ် နမ့်ဆန် နဲ့ မန်တုံမြို့နယ်ကို သတ်မှတ်ပေးထားပါတယ်။

လက်ရှိမှာတော့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ TNLA တွေ့ဆုံဆွေးနွေးမှု လုပ်ရာမှာ စစ်ကောင်စီက TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ဒေသတွေကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ပေမယ့် TNLA က ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် TNLA ကို တချို့မြို့နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအနေနဲ့ပေးပြီး တချို့မြို့တွေနဲ့ အလဲအလှယ် လုပ်မလားဆိုတာကိုတော့ စောင့်ကြည့်ရမယ်လို့ တရုတ် – မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“အဲဒါတွေက ပြောရတော်တော်ခက်တယ်ဗျ။ TNLA ဘက်ကလည်း သူရထားတဲ့ နယ်မြေတွေက သူ့နဂို ရှိရင်းနယ်မြေတွေထက် အများကြီးရှိတာကိုး။ MNDAA လိုပေါ့။ MNDAA လည်း နဂိုကတည်းက ရှိရင်းစွဲဒေသမှာပဲ သူ့ကို အသိအမှတ် ပြုပေးလိုက်ရသလိုပေါ့။ TNLA လည်း အရင်တုန်းက ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသဆိုတာ သီးခြားမှ မရှိတာ။ အခု ဒါကို အလဲအလှယ်ပြုပြီး တချို့မြို့တွေ ပြန်ပေးဆိုလည်း ပေးကောင်းပေးရမယ်ထင်တယ်။ မပြောတတ်သေးဘူး။ ကျမတို့ စောင့်ကြည့်ရအုံးမယ်။ ဘာမှ သိပ်မသေချာသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ TNLA အနေနဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းယော် စတဲ့ မြို့နယ်တွေအပါအဝင် ၁၂ မြို့နယ်ကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။

TNLA က လက်ရှိသိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာမှာမဟုတ်ဘူးလို့ မေလ ၄ ရက် တနင်္ဂနွေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဗိုလ်မှူးကြီး တားပန်လက “လောလောဆယ်ကတော့ ကျနော်တို့ကနေပြီးမှ တာဝန်ယူပြီး စီမံအုပ်ချုပ်တဲ့နယ်မြေ အဲဒီလိုပဲပြောလို့ရပါတယ်။ အဲဒါကတော့ ၁၂ မြို့နယ်မှာဆိုရင် ကျနော်တို့ တာဝန်ယူ စီမံပြီးတော့မှ အုပ်ချုပ်နေပါတယ်။ အချိန်ကာလတစ်ခုအထိ နောက်ထပ် လူထုအစိုးရပုံစံမျိုးလား၊ တစ်နိုင်ငံလုံးက မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရပုံစံမျိုးလား အဲဒီလိုမပေါ်ထွန်းမီ ကျနော်တို့က ကာလ တစ်ခုအနေနဲ့ တာဝန်ယူပြီးမှ စောင့်ရှောက်ထားတဲ့ဒေသ၊ လူထုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ တကယ် ပြည်နယ် ဖြစ်ပေါ်လာဖို့ကတော့ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမှ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဘယ်နယ်မြေ၊ ဘယ်ဧရိယာဆိုတာ အခုအချိန်မှာပြောဖို့ နည်းနည်းစောနေသေးပါတယ်” ဟု ပြောသည်။

လာမယ့် ဩဂုတ်လမှာလည်း တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ TNLA တို့ ထပ်မံ တွေ့ဆုံဖို့ရှိကြောင်း ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

TNLA ရဲ့ ရပ်တည်ချက်လိုလားချက်တွေက နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာ အပစ်ရပ်ထားဖို့၊ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ရပ်စဲထားဖို့ နဲ့ ပြည်သူတွေကို လွတ်လပ်စွာသွားလာခွင့်ပြုဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော်လည်း တအာင်းလူမျိုးစုအနည်းငယ်သာရှိပြီး ရှမ်း၊ ကချင်အများစုရှိနေတဲ့ မြို့နယ်တွေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှု ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

related posts

Leave a Comment