Home Uncategorized ဟုမ္မလင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လာနိုင်လား

ဟုမ္မလင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လာနိုင်လား

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသဖြစ်တဲ့ ဟုမ္မလင်းမြို့ကို ရွေးကောက်ပွဲမတိုင်ခင် တော်လှန်ရေးအင်အားစုတွေ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်လားဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး လေ့လာသူတွေက အခုလို သုံးသပ်ကြပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်အစပ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသတွေမှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေထဲမှာ ပါဝင်တဲ့ ဟုမ္မလင်းကိုတော့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။

“အဲဒါလည်း စစ်ပွဲတစ်ခုကို တိုက်ဖို့အတွက်ဆိုရင်တော့ ဘာလိုမလဲဆိုတော့ ကျည်တို့၊ ရိက္ခာတို့ အဲဒါတွေ အများကြီး လိုအပ်ပါတယ်။ လူအင်အားစုတို့ ဘာတို့။ သူတို့ ဝင်တိုက်နိုင်အုံးတောင်မှ သိပ်ကြာကြာတော့ တိုက်နိုင်လိမ့်မယ်လို့တော့ မထင်ဘူး။ အခုရဲ့အခြေအနေကတော့ သူတို့ရဲ့ လက်နက်ကျည်အင်အားက လျော့နည်းနေတယ်လို့တော့ သိရတာပေါ့လေ။ သိရတဲ့အခါကျတော့ မြို့သိမ်းတိုက်ပွဲကြီးလိုမျိုး ဆင်နွှဲဖို့တော့ အခြေအနေက သိပ်မပေးလာဘူးလို့ မြင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ နောင်ပူအောင်စံပြကျေးရွာအနီးရှိ နားမော်ကျေးရွာအပါအဝင် ကျေးရွာတချို့မှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းအဖွဲ့တို့ရဲ့ လက်ရှိအနေအထားဟာ လက်နက်အင်အား၊ လူအင်အားလိုအပ်မှုတွေကြောင့် မြို့သိမ်းတိုက်ပွဲတို့လို တိုက်ပွဲကြီးကြီးမားမား ဖော်ဆောင်နိုင်တဲ့ အနေအထားမှာ မရှိတဲ့အပြင် မြို့သိမ်းပြီးရင်တောင်မှ အဲဒီမြို့ကို အချိန်ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့လည်း ထောက်ပြကြပါတယ်။

တဖက်မှာလည်း ဟုမ္မလင်းအပါအဝင် ကသာမြို့ခံလူထုတွေအနေနဲ့ မိမိတို့ရဲ့ ပစ္စည်းတွေ ကြိုတင်ပြောင်းရွေ့ဖို့ ဝါဒဖြန့်ပြောဆိုမှုတွေကြောင့် မြို့ခံပြည်သူလူထုတို့အကြား စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်၍ နှောက်ယှက်တာမျိုး လုပ်ဆောင်နိုင်ပေမယ့် တိုက်ပွဲကြီးကြီးမားမားဖော်ဆောင်ဖို့ လက်နက်ကိုင်တွေဘက်က တော်တော်စဉ်းစားရမယ်လို့ မြင်မိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမောက်မြို့ပတ်ဝန်းကျင်မှာ SNA၊ လုံခြုံရေးတပ်ဖွဲ့တွေ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

တဖက်မှာလည်း အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပိတ်ထားသလို ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကလည်း အင်တာနက်တွေ နဲ့ ကုန်စည်ကူးသန်းခွင့်တွေကို စက်တင်ဘာ ၁၅ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။

Leave a Comment