Home » KNU၊ NUG တပ်စခန်းအပါအဝင် စခန်း ၂၈ ခု သိမ်းပိုက်ဟု စစ်တပ် ထုတ်ပြန်

KNU၊ NUG တပ်စခန်းအပါအဝင် စခန်း ၂၈ ခု သိမ်းပိုက်ဟု စစ်တပ် ထုတ်ပြန်

by Homeland Author

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး နယ်စပ်ဒေသတစ်ဝိုက်မှာ အခြေပြုလှုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အထူးတိုင်းစစ်ဌာနအပါအဝင် စခန်းပေါင်း ၂၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်က မနေ့က နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်မှာလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နဲ့ တပ်မဟာ ၃ နယ်မြေအစပ်မှာရှိတဲ့ NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း NUG ရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ရရှိတယ်လို့ စစ်တပ်က ထုတ်ပြန်တာဟာ ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ပြီး NUG အထူးတိုင်းစစ်ဌာနချုပ်ဟာ ရွေ့လျားဌာနချုပ်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က မီဒီယာတွေမှာ ပြောကြားထားပါတယ်။

လက်ရှိမှာလည်း သိမ်ဇရပ်မြို့နယ်ရှိ ထီးကလာချောင်းအနီးမှ စခန်း ၂ ခု၊ ကော့ထီးချောင်းအနီး KNLA တပ်မဟာ (၁)၊ ရင်း (၃) အပါအဝင် စခန်း ၄ ခု၊ ကော့ကလောချောင်းအနီးမှ စခန်း ၂ ခုနဲ့ ကော်ကတ်ရွာအနီးမှ စခန်း ၁ ခုတို့ကို နိုဝင်ဘာ ၉ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အတွင်း ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၁၆ ရက်ကနေ နိုဝင်ဘာ ၁၉ ရက်အတွင်း သိမ်ဇရပ်မြို့နယ်အတွင်းရှိ နတ်စင်ရွာနဲ့ ကျောက်ဖျာရွာအနီးက စခန်း ၃ ခု၊ ချောင်းစောက်ရွာအနီးရှိ တပ်စခန်း ၃ ခုနဲ့ ဆေးကုသရေးစခန်း ၁ ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး KNU၊ KNLA၊ NUG တို့ရဲ့ တပ်စခန်း ၁၇ ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကာ ရန်သူ့အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၃၇ လက်၊ ကျည်မျိုးစုံ ၈,၃၄၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၆၃ ခု၊ ဗုံးသီးမျိုးစုံ ၃၆၃ လုံး၊ မိုင်းမျိုးစုံ ၁၁၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မော်တော်ကား ၂ စီး၊ ပြောက်ကျားဝတ်စုံ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်၊ လူနေတဲ၊ ဆက်သွယ်ရေးစက်၊ ပစ်ကျင်း၊ ဘန်ကာ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းတွေ၊ ရိက္ခာ၊ ဆေးဝါးပစ္စည်းနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်အနေနဲ့ အဲဒီဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနိုင်ခြင်းမရှိစေရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

related posts

Leave a Comment