Home » ပညာရေးမှာ ရခိုင်၊ မြန်မာ နှစ်သက်ရာဘာသာရပ်ကို ရွေးချယ်ခွင့်ပေးထားဟု AA ပြော

ပညာရေးမှာ ရခိုင်၊ မြန်မာ နှစ်သက်ရာဘာသာရပ်ကို ရွေးချယ်ခွင့်ပေးထားဟု AA ပြော

by Homeland Author

ပလက်ဝမြို့နယ်အတွင်း ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ရခိုင်ဘာသာနဲ့ မြန်မာဘာသာထဲက ကိုယ်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်သင်ယူခွင့်ရှိတယ်လို့ အာရက္ခတပ်တော် (ULA/AA) က ပြောပါတယ်။

AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစပြီး Grade 12 မြန်မာဘာသာရပ် သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ပြီး သင်ကြားပေးနေပါတယ်။ ဒီသင်ရိုးမှာ ယခင်အစိုးရက ပြဋ္ဌာန်းထားတဲ့ အကြောင်းအရာတချို့ကို ဖယ်ရှားပြီး ရခိုင်ဘာသာနဲ့ ပြင်ဆင်ထားတဲ့ အကြောင်းအရာတွေကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ Grade 12 မြန်မာဘာသာရပ်ကို ရခိုင်ဘာသာနဲ့ သင်ကြားနေတဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း GKO က ကန့်ကွက်ရှုတ်ချခဲ့ပြီးနောက် AA အမျိုးသားပညာရေးဌာနက အခုလို ပြန်လည်ရှင်းလင်းပြောဆိုလာတာ ဖြစ်ပါတယ်။

AA ပညာရေးဌာနရဲ့ ပြောဆိုချက်အရ Grade 12 ရခိုင်သင်ရိုးသစ်မှာ မြန်မာဘာသာရပ်ကို ရခိုင်နဲ့ မြန်မာ နှစ်ဘာသာနဲ့ ပြဋ္ဌာန်းထားပြီး ကျောင်းသားကျောင်းသူတွေအနေနဲ့ ကိုယ်နှစ်သက်ရာ ဘာသာကို ရွေးချယ်သင်ယူခွင့်ရှိတယ်လို့ ဆိုပါတယ်။

ဒီနှစ် ပညာသင်နှစ်မှာ ပလက်ဝမြို့နယ်အတွင်း Grade 12 တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၅၈ ဦးရှိပြီး ရခိုင်လူမျိုး ၁၃၈ ဦး၊ ခူမီးလူမျိုး ၁၆ ဦး၊ ဒိုင်းနက်လူမျိုး ၃ ဦးနဲ့ မြိုလူမျိုး ၁ ဦးတို့ ပါဝင်တယ်လို့ အာရက္ခအမျိုးသားပညာရေးဌာနက ဖော်ပြထားပါတယ်။

လက်ရှိမှာ AA ထိန်းချုပ်ဒေသတွေကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ပညာရေးလုပ်ငန်းတွေကိုလည်း အကန့်အသတ်တွေနဲ့ သတိထားဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် AA ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက မင်းပြားနဲ့ ပေါက်တောမြို့ကိုလည်း ရခိုင်ရာဇဝင်လာ နာမည်တွေဖြစ်တဲ့ “အဉ္ဇနပူရ” နဲ့ “ဝီရဌာနီ” လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ဒေသနဲ့ ချင်းပြည် ပလက်ဝမြို့နယ်တို့မှာ မြန်မာစာဖတ်စာကို ရခိုင်ဖတ်စာနဲ့ အစားထိုးသင်ကြားဖို့ စီစဉ်နေသလို အဲဒီ ရက္ခိုင်ဖတ်စာသင်ရိုးမှာလည်း ရှေးခေတ်ရခိုင်စာဆိုတွေရဲ့ ကဗျာ၊ ရသစာတမ်းနဲ့ ဝတ္ထုတိုတွေကို သင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment