တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပစ်ပယ်လိုက်တာကြောင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA) ဟာ ပြိုကွဲသလို ဖြစ်ခဲ့ရတယ်လို့ PNLO/NCA/S ဘက်က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ PNLO တပ်ဖွဲ့ဟာ ပေါ်လစီ ပြောင်းလိုက်ပြီး NCA ကို ပစ်ပယ်ခဲ့တာကြောင့် မိမိတို့ရဲ့ ရဲဘော်တွေ ဒုက္ခရောက်ခဲ့ရသလို နယ်မြေတွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခုဟာက ကျနော် ဝေဖန်ချက် သိပ်မပေးချင်ပါဘူး။ ကျနော်တို့ ကိုယ်ပိုင်အဖွဲ့တွေ ဖြစ်နေလို့ပါ။ အဓိကကတော့ ဒီ NCA လက်မှတ်ထိုးပြီး ပအိုဝ်းနယ်မြေထဲမှာ သိက္ခာရှိရှိ ရပ်တည်နေတဲ့ ကျနော်တို့ PNLO ဟာ ၂၀၂၄ မှာ ပေါ်လစီပြောင်း၊ ပေါ်လစီမှားပြီး NCA ကို ပစ်ပယ်တယ်လို့ လုပ်လိုက်တဲ့အခါကျတော့ အဲဒီမှာ ရပ်တည်ဖို့ ခက်သွားတာပါ။ ကျနော်တို့ကတော့ NCA အတိုင်းပဲ သွားပါ၊ NCA အပေါ်မှာပဲ ရပ်တည်ပါလို့ ပြောပေမဲ့ အင်အားက ကျနော်တို့ဘက်မှာ မပါဘဲ အရင်တုန်းက ဥက္ကဋ္ဌ စတဲ့သူတွေ လက်ထဲ ပါသွားတာပါ။ အဲဒီအခါကျတော့ သူတို့ရဲ့ ပေါ်လစီအမှားကြောင့် ရဲဘော်တွေ ဒုက္ခရောက်ကြ၊ စားဝတ်နေရေး ခက်ခဲကြ၊ နယ်မြေ ဆုံးရှုံးကြနဲ့ ထိန်းမနိုင် သိမ်းမရဖြစ်ပြီး အဖွဲ့အစည်း ပြိုကွဲတဲ့သဘော ဖြစ်သွားတာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာရှိတဲ့ PNLO တပ်ဖွဲ့ဝင်တွေဟာ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း လူဦးရေ ၇၈ ဦး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ထံ သွားရောက်ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။
RCSS/SSA တာဝန်ရှိသူတွေက ဝမ်းမြောက်စွာ ကြိုဆိုလက်ခံခဲ့ကြပြီး ပူးပေါင်းလာသူ တစ်ဦးကို ၅ သိန်းကျပ်နှုန်းနဲ့ ၇၈ ဦးလုံးအတွက် ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ PNLO တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို သူတို့ရဲ့ ဆန္ဒသဘောထား မေးမြန်းတဲ့အခါမှာတော့ စစ်ပွဲတွေမှာရော ဘယ်အဖွဲ့အစည်းမှာမှမဆို မပါဝင်ချင်တော့ဘဲ နေရပ်ပြန်ပြီး အေးအေးချမ်းချမ်း ဝမ်းစာရှာဖွေ စားသောက်ချင်တယ်လို့ ပြောတာကြောင့် သူတို့တောင်းဆိုတဲ့အတိုင်း နေရပ်ပြန်ခွင့်ပြုခဲ့တယ်လို့ RCSS/SSA တာဝန်ရှိသူက ပြောထားပါတယ်။
အဲဒီနောက် ဩဂုတ် ၃၁ ရက်နေ့မှာတော့ PNLO တပ်ဖွဲ့ဝင် ၃၇ ဦးဟာ မိသားစုထံ ပြန်နိုင်ဖို့အတွက် မောက်မယ်မြို့နယ်၊ ကဒူးကြီးအုပ်စုထဲက နားဟီးကျေးရွာမှာ လက်နက်တွေနဲ့အတူ ပအိုဝ်းအမျိုးသားအဖွဲ့ (PNO-ပြည်သူ့စစ်) ထံ အပ်နှံခဲ့တယ်လို့ Hsan Loi Voice က ဖော်ပြပါတယ်။
ကျန်ရှိတဲ့ PNLO/PNLA တပ်ဖွဲ့ဝင်တွေကတော့ မောက်မယ်မြို့နယ်၊ ဟိုနမ့်အုပ်စုထဲက ဖြစ်တာကြောင့် မိမိအစီအစဉ်နဲ့ မိမိ ပြန်သွားကြတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပြိုကွဲတယ်ဆိုပေမဲ့ NCA ကို လက်ခံထားတဲ့ ဗဟိုကော်မတီတွေ၊ ရဲဘော်တွေနဲ့ ခေါင်းဆောင်တွေ ကျန်ပါသေးတယ်။ ဒါကို ကျနော်တို့က NCA/S/PNLO ဆိုပြီး ခေါ်တာပေါ့။ ဒါကြောင့် NCA ကို ဆက်လက်ဆုပ်ကိုင်ထားတဲ့ PNLO ကတော့ ရှိပါသေးတယ်။ ဒါပေမဲ့ အင်အားမရှိတော့ နာမည်သိပ်မထွက်တာပါ။ NCA ကို ပစ်ပယ်တဲ့ PNLO ကတော့ ပွဲသိမ်းသလောက် ဖြစ်သွားပါပြီ” လို့ ပြောပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့အတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် NCA လမ်းကြောင်းကို ဆက်လက်ဆုပ်ကိုင်ထားတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ PNLO-NCA/S အဖွဲ့နဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်သူရိန် ဦးဆောင်ပြီး နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းကာ စစ်တပ်ကို တိုက်ခိုက်နေတဲ့အဖွဲ့ စသဖြင့် ကွဲပြားသွားခဲ့ရတာ ဖြစ်ပါတယ်။