စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် သနန်ရွာက ရှမ်းနီ စစ်ဘေးရှောင်တွေကို ချင်းတွင်းဧရာအင်စတီကျု (CAI) က ဆန် တင်း ၅၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလတုန်းက ဖြစ်ခဲ့တဲ့ သနန်ရွာတိုက်ပွဲတွေကြောင့် ဒေသခံ ရှမ်းနီပြည်သူတွေဟာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။
အိန္ဒိယမှာ ခိုလှုံနေတုန်း အခက်အခဲတွေ ရှိလာတာကြောင့် စစ်ရှောင် အိမ်ထောင်စု ၂၈ စု၊ စုစုပေါင်း လူဦးရေ ၁၁၉ ဦးဟာ ၂၀၂၆ ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံ ဟုမ္မလင်းမြို့နယ်ဘက်ကို ပြန်လည်ဝင်ရောက် တိမ်းရှောင်ခဲ့ကြပါတယ်။
ဒီလို ပြန်ဝင်လာတဲ့ တမူး စစ်ဘေးရှောင် ရှမ်းနီပြည်သူတွေကို ချင်းတွင်းဧရာအင်စတီကျုက ငွေကျပ် ၅၅ သိန်းတန်ဖိုးရှိ ဆန် တင်း ၅၀ ကျော်ကို ဩဂုတ်လအတွင်း သွားရောက် ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလို သွားရောက်လှူဒါန်းစဉ်မှာ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ ချင်းတွင်းဥရု ရှမ်းနီလူငယ်ကွန်ရက်အဖွဲ့နဲ့ ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေးနဲ့ လူသားချင်းစာနာရေးအဖွဲ့တို့ကိုလည်း ချင်းတွင်းဧရာအင်စတီကျု (CAI) က အထူးကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီ၊ ကတူး၊ ကနန်း၊ ဗမာ စစ်ဘေးရှောင်တွေနဲ့ မိုးညှင်းမြို့ကို ရောက်နေကြတဲ့ ကသာ စစ်ဘေးရှောင်တွေကိုလည်း စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို CAI က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။





